တစ်လတည်းအတွက် ရေမီတာခ ထိုင်းဘတ်ငွေ (၁၆၃,၀၀၀) ကျော် ငွေတောင်းခံလွှာ ရောက်လာ၍ အိမ်ပိုင်ရှင် အံ့ဩတုန်လှုပ်

တစ်လတည်းအတွက် ရေမီတာခ ထိုင်းဘတ်ငွေ (၁၆၃,၀၀၀) ကျော် ငွေတောင်းခံလွှာ ရောက်လာ၍ အိမ်ပိုင်ရှင် အံ့ဩတုန်လှုပ်
By Mr John

ထိုင်းနိုင်ငံ ချောင်ဘူရီပြည်နယ်ရှိ အိမ်ပိုင်ရှင်တစ်ဦးမှာ တစ်လတည်းအတွက် ရေမီတာခ ဘတ် (၁၆၄,၀၀၀)နီးပါး ကျသင့်ငွေတောင်းခံလွှာ ရောက်ရှိလာမှုကြောင့် အံ့ဩတုန်လှုပ်ရပြီး ပြန်လည်စစ်ဆေးပေးရန် သက်ဆိုင်ရာဌာနကို တောင်းဆိုထားရသည်။ 

တစ်လတည်းအတွက် ထိုမျှအထိ များပြားလှသော အံ့ဩတုန်လှုပ်စရာ ရေမီတာခအကြောင်းမှာလည်း အထူးသဖြင့် News Chon Buri-Rayong Online Facebook page အပါအဝင် ဆိုရှယ်မီဒီယာတွင် လူပြောများခဲ့သည်။

လူတစ်ဦးတည်း နေထိုင်သော အဆိုပါ နေအိမ်၏ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွက် ရေမီတာခမှာ စုစုပေါင်း ဘတ် (၁၆၃,၇၆၇.၅၁) ဖြစ်နေသည်။ 

ရေမီတာခကို မြင်တွေ့ရပြီးနောက် အံ့ဩတုန်လှုပ်သွားသည့် အိမ်ပိုင်ရှင်က ထိုကိစ္စကို စုံစမ်းစစ်ဆေးပေးရန်နှင့် မှန်မှန်ကန်ကန် မီတာဖတ်ခြင်းရှိ မရှိ မေးခွန်း ထုတ်ခဲ့ပြီး အမှားအယွင်းတစ်ခု ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

"ရေမီတာခ ဘတ် (၁၆၃,၀၀၀) ကျော်ဆိုလို့ အံ့ဩမှင်သက်ရတယ်။ ဘိုဝင်းကျေးရွာက နေအိမ်တစ်အိမ်က အဲဒီလောက်ပမာဏ များပြားလှတဲ့ ရေမီတာခ ကျသင့်ငွေတောင်းခံလွှာ လက်ခံရရှိခဲ့ပါတယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီပမာဏက တစ်ရွာလုံး သုံးထားတဲ့ ရေဖိုးထက် ပိုများနေတယ်။ မီတာဖတ်တာမှာ အမှားအယွင်းတစ်ခု ရှိနိုင်ခဲ့တာ မဟုတ်ဘူးလား" ဟု ဆိုရှယ်မီဒီယာတွင် ပြောဆို မေးခွန်းထုတ်ထားသည်။

ထိုဆိုရှယ်မီဒီယာပို့စ်အောက်တွင် အင်တာနက်သုံးစွဲသူများက ၎င်းတို့၏ ထင်မြင်ချက်နှင့် စိတ်ဝင်တစားရှိမှုကို မှတ်ချက်အများအပြား ဝင်ရေးထားကြသည်။ 

မှတ်ချက်ရေးသူ အများအပြားက မီတာဖတ်ရာတွင် အမှားအယွင်း ရှိခဲ့နိုင်ကြောင်း သို့မဟုတ် ကျသင့်ငွေတောင်းခံလွှာစနစ် ချို့ယွင်းချက် ဖြစ်နိုင်ကြောင်း ပြောကြသည်။

"ဘယ်လို ရေသုံးစွဲမှုမျိုးက ဒီလောက်ပမာဏအထိ ရေမီတာခ ကျနိုင်တာလဲ။ သူတို့က နံပါတ်တွေကို မှားရိုက်ခဲ့မိတာ ဖြစ်ရမယ်။ ဒီလို ကွဲလွဲနေတာကို သူတို့ ဘယ်လိုများ သတိမပြုမိတာလဲ။ မီတာဖတ်တဲ့နေရာမှာ တာဝန်ရှိသူကို တရားစွဲပါ။ မီတာဖတ်သူကို သေချာပေါက် အရေးယူရမယ်။ ဒါက ငွေကြေးကိစ္စပဲ" စသဖြင့် မှတ်ချက်များ ရေးသားထားကြသည်။ 

ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရေအရင်းအမြစ် အသုံးချရေး ကုမ္ပဏီတို့က ယခုကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဟု မျှော်လင့်ရကြောင်း The Thaiger သတင်းက ဖော်ပြသည်။

 

Source: The Thaiger