ဂျပန်နိုင်ငံတွင် စာရင်းထဲ မပါဝင်သေးသည့် ကျွန်းပေါင်း (၇,၀၀၀) ရှာဖွေတွေ့ရှိ

[ Photo: Kyodo News/Getty Images/FILE ]
[ Photo: Kyodo News/Getty Images/FILE ]
ဂျပန်နိုင်ငံတွင် စာရင်းထဲ မပါဝင်သေးသည့် ကျွန်းပေါင်း (၇,၀၀၀) ရှာဖွေတွေ့ရှိ
By Mr John

 ဂျပန်နိုင်ငံက ၎င်း၏ပိုင်နက်အတွင်းရှိ ကျွန်းများကို ပြန်လည်‌ရေတွက်ခဲ့ရာ ယခင် သိမှတ်ထားခဲ့သည့် ကျွန်းအရေအတွက်ထက် (၇,၀၀၀) ပိုများနေသည်ဟု ဆိုသည်။ 

Geospatial Information Authority of Japan (GSI) ၏ ဒစ်ဂျစ်တယ်မြေပုံအရ ဂျပန်ပိုင်နက်အတွင်း ကျွန်ပေါင်း (၁၄,၁၂၅) ခုကို မကြာသေးမီက တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ထိုအရေအတွက်မှာ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ၁၉၈၇ ခုနှစ်တွင် စာရင်းပြုစုခဲ့သည့် ကျွန်းအရေအတွက် (၆,၈၅၂) ထက် (၂) ဆကျော် ပိုများနေခြင်း ဖြစ်သည်။

သို့သော် ယခု ကိန်းဂဏန်းအသစ်မှာ စစ်တမ်းကောက်ယူမှုနည်းပညာနှင့် ရေတွက်မှုအတွက် အသုံးပြုသည့် အသေးစိတ်မြေပုံစနစ် တိုးတက်မှုကို ထင်ဟပ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ မြေဧရိယာပိုင်ဆိုင်မှုတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့ခြင်း မဟုတ်ကြောင်း GSI က အလေးအနက် ပြောသည်။ 

ကျွန်းများကို မည်သို့ ရေတွက်မည်ဟု နိုင်ငံတကာသဘောတူညီမှု မရှိထားသော်လည်း လွန်ခဲ့သည့် (၃၅) နှစ်တွင် စစ်တမ်းကောက်ခဲ့စဥ်က အရွယ်အစား သတ်မှတ်ချက်အတိုင်း အသုံးပြုခဲ့သည်ဟု GSI က ဆိုသည်။

သဘာဝအလျောက် ဖြစ်ပေါ်နေပြီး အကျယ်အဝန်း အနည်းဆုံး ပေ (၃၃၀) ရှိသည့် ကုန်းမြေဧရိယာများကို ကျွန်းအဖြစ် သတ်မှတ်ရေတွက်ခြင်း ဖြစ်သည်။ 

GSI ၏ ဒစ်ဂျစ်မြေပုံအရ ထွက်ပေါ်လာသည့် ကျွန်းအရေအတွက်တွင် ကျွန်းတုများ မပါဝင်ဟုဆိုသည်။ 

ဂျပန်နိုင်ငံ ပတ်လည်ရှိ ကျွန်းစုများမှာ နယ်မြေအငြင်းပွားမှုများ၏ အဓိက အကြောင်းရင်းလည်း ဖြစ်သည်။

ဂျပန်က ရုရှားထိန်းချုပ်ထားသော တောင်ပိုင်း Kuril ကျွန်းစုကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး မြောက်ပိုင်းနယ်မြေများဟု ခေါ်ဆိုသည်။ 

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် ဂျပန်ထံမှ ထိုကျွန်းစုများကို ဆိုဗီယက်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး ထိုအချိန်ကတည်းက ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။ 

ထို့အတူ အရှေ့တရုတ်ပင်လယ်အတွင်းရှိ အခြေချနေထိုင်ခြင်းမရှိသည့် Senkaku ကျွန်းစုကိုလည်း ပိုင်ဆိုင်ကြောင်း ပြောထားသည်။ 

လက်ရှိတွင် ဂျပန်က ထိန်းချုပ်ထားသော ထိုကျွန်းစုကို တရုတ်ကလည်း ပိုင်ဆိုင်ကြောင်း အကြိမ်ကြိမ် ပြောဆိုနေပြီး အငြင်းပွားနေသည်။

ထိုအတောအတွင်း ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ဂျပန်ပင်လယ်ပြင်အတွင်းရှိ ကျွန်းစုကို နှစ်ပေါင်း (၇၀) ကျော်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားက အရှေ့ပင်လယ်ဟု ခေါ်ဆိုသည့် ဂျပန်ပင်လယ်ပြင်အတွင်းရှိ ထိုကျွန်းစုကို တောင်ကိုရီးယားက Dokdo ဟု သိမှတ်ထားပြီး ဂျပန်က Takeshima ဟု သတ်မှတ်ခေါ်ဝေါ်သည်။

Source: CNN