ယူကရိန်း စစ်မြေပြင်တွင် နျူကလီးယားလက်နက်များကို မည်သည့်အချိန်တွင် မည်ကဲ့သို့ သုံးနိုင်ကြောင်း ရုရှားစစ်တပ် ထိပ်တန်းခေါင်းဆောင်များက ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဆွေးနွေးခဲ့ကြသည်ဟု အမေရိကန်အရာရှိ (၂) ဦးက CBS News ကို အတည်ပြု ပြောကြားသည်။
ထိုဆွေးနွေးမှုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် မပါဝင်ခဲ့ဟု ဆိုသည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း နျူကလီးယားလက်နက် အသုံးပြုနိုင်သည့် အလားအလာကို စိုးရိမ်မှုများ မြင့်တက်ခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောသည်။
သို့သော် ရုရှားက နျူကလီးယားလက်နက်သုံးရန် ပြင်ဆင်နေသည့်လက္ခဏာ မတွေ့ရကြောင်း အိမ်ဖြူတော်က ဆိုသည်။
အစောပိုင်း အနောက်အုပ်စု ထောက်လှမ်းရေး အချက်အလက်များအရ ရုရှားက ၎င်း၏ နျူကလီးယားလက်နက်များကို ရွှေ့ပြောင်းခြင်းမရှိကြောင်းလည်း သိရသည်။
ရုရှားစစ်တပ် အဆင့်မြင့်အရာရှိများက အောက်တိုဘာလလယ်တွင် နျူကလီးယားလက်နက်ကိစ္စ ဆွေးနွေးခဲ့သည်မှာ သိသာထင်ရှားသော်လည်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က အနောက်အုပ်စုက နျူကလီးယားကိစ္စကို တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ချဲ့ကားနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
စက်တင်ဘာလနှောင်းပိုင်းတွင်မူ ရုရှားသမ္မတပူတင်က နျူကလီးယားလက်နက်ကိစ္စနှင့် အနောက်အုပ်စုဆန့်ကျင်ရေး ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပြီး ရုရှားနှင့် သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများကို ကာကွယ်ရန် နည်းလမ်းအားလုံး အသုံးပြုမည်ဟု သတိပေးခဲ့သည်။
Source: CBS News