ထိုင်းနိုင်ငံတွင် “နောက်တစ်ကြိမ် အာဏာသိမ်းမှု မရှိသင့်ဘူး”ဟု ကိုယ်တိုင် စစ်အာဏာသိမ်းခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ်က ဆို

ထိုင်းနိုင်ငံတွင် “နောက်တစ်ကြိမ် အာဏာသိမ်းမှု မရှိသင့်ဘူး”ဟု ကိုယ်တိုင် စစ်အာဏာသိမ်းခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ်က ဆို
By Mr John

 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နောက်ထပ် အာဏာသိမ်းမှုများ ရှိလာမည် မဟုတ်ဟု မတ်လ (၉) ရက်နေ့တွင် ကတိပြုခဲ့ပြီး ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာ နောက်ဆုံးဖြစ်ကြောင်း ပြောခဲ့သည်။

 ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ကိုယ်တိုင် ဦးဆောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးပရာယွတ်က ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများ နီးကပ်လာချိန်တွင် စိုးရိမ်မှုများကို ဖြေဖျောက်ရန် ကြိုးပမ်းမှုအဖြစ် ထိုသို့ ပြောလာခြင်းလည်း ဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့်  Palang Pracharath Party (PPRP) ပါတီခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်၏ မတ်လ (၈) ရက်နေ့ Facebook ပို့စ်တွင် ရေးသားထားမှုနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့ရာ ဝန်ကြီးချုပ်ပရာယွတ်က ထိုသို့ တုံ့ပြန်ခဲ့သည်။ 

PPRP ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည့် ပရာဝစ်က ၎င်းအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးသမားများနှင့် အခွင့်ထူးခံအုပ်စုကြား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆောင်ရွက်မှုကို အခြားသူများထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း Facebook ပို့စ်တွင် ပြောထားသည်။

၎င်းက နိုင်ငံ၏ အာဏာဖွဲ့စည်းပုံကို ကောင်းမွန်စွာ နားလည်ထားသူဖြစ်ပြီး ထိုသို့ နားလည်ထားမှုက နိုင်ငံတွင် အာဏာလွန်ဆွဲမှုနှင့် အာဏာခွဲဝေမှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း ပရာဝစ်က ဆိုသည်။ 

ထိုင်းနိုင်ငံတွင် နိုင်ငံရေးသမားများနှင့် အခွင့်ထူးခံအုပ်စုတို့၏ နိုင်ငံရေးသဘောထားအမြင် (၂) ခုကြား ထိပ်တိုက်တွေ့မှုများ နှစ်ကာလရှည်ကြာရှိနေခဲ့သည်ဟု ပရာဝစ်က သုံးသပ်သည်။

"အာဏာသိမ်းမှုကို ထောက်ခံသူတွေက အာဏာဖွဲ့စည်းပုံထဲမှာ ဆက်ရှိနေတာ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး" ဟု ဒုတိယဝန်ကြီးချုပ်နှင့် PPRP ပါတီခေါင်းဆောင် ပရာဝစ်က ပြောသည်။ 

၎င်းအနေဖြင့် အခွင့်ထူးခံအုပ်စုဝင်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရေး ဖိတ်ခေါ်ရန် ရည်ရွယ်ထားကြောင်းနှင့် နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ပရာဝစ်က ဆိုသည်။

ဒုတိယဝန်ကြီးချုပ် ပရာဝစ်၏ Facebook ပို့စ်ကို ဖတ်ခဲ့ခြင်းရှိ မရှိ ဝန်ကြီးချုပ်ပရာယွတ်ကို မေးမြန်းခဲ့ရာ ထိုပို့စ်ကို ဖတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် မည်သည့်အမှားမှ မရှိကြောင်း ဖြေကြားခဲ့သည်။ 

ယခုအချိန်တွင် နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်ရန် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ပဋိပက္ခ ဆက်ရှိနေခြင်းက အနာဂတ်တွင် အာဏာသိမ်းမှုဖြစ်ရန် ဦးတည်သွားနိုင်ကြောင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ပရာယွတ်ကို မေးမြန်းခဲ့ရာ ပြင်းထန်သည့် ပဋိပက္ခများမရှိကြောင်း ပြောခဲ့သည်။ 

"နိုင်ငံက အေးချမ်းပြီး ပြည်သူတွေ ပျော်ရွှင်ရမယ်။ တူညီတဲ့အခြေအနေဆီကို ပြန်မသွားပါနဲ့" ဟု ပရာယွတ်က ဆိုသည်။

အကယ်၍ ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ် ပြန်ဖြစ်မလာနိုင်ပါက နောက်ထပ် အာဏာသိမ်းမှု ရှိလာနိုင်မလားဟု မေးမြန်းခဲ့ရာ ပရာယွတ်က "ဘယ်သူက အာဏာသိမ်းမလဲ" ဟု ပြန်မေးခဲ့သည်။ 

နောက်ထပ် စစ်တပ်အာဏာသိမ်းမှု ရှိလာမလားဟု ဝန်ကြီးချုပ်ပရာယွတ်ကို ထပ်မံ မေးမြန်းခဲ့ရာ "၂၀၁၄ အာဏာသိမ်းမှုက နောက်ဆုံးပဲလို့ ကျွန်တော် ပြောထားခဲ့တာ ကြာပြီလေ။ နောက်တစ်ကြိမ် အာဏာသိမ်းမှု မရှိသင့်ဘူး" ဟု‌ ပြောခဲ့သည်။

 "ဒါကို တားဆီးဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ပြင်းထန်တဲ့ ပဋိပက္ခတွေ ထပ်ဖြစ်လာရင် အခု ကျွန်တော်နဲ့ မဆိုင်တဲ့အတွက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျွန်တော် မသိဘူး" ဟုလည်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ဆိုသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်က ပရာဝစ် ဦးဆောင်သည့် PPRP ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် United Thai Nation (UNT) ပါတီသို့ ဝင်ရောက်ခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်သည်။ 

ဝန်ကြီးချုပ်ပရာယွတ်နှင့် ဒုတိယဝန်ကြီးချုပ် ပရာဝစ်တို့ (၂) ဦးလုံးမှာ ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည်။

ဝန်ကြီးချုပ်ပရာယွတ်က ပရာဝစ်နှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း အခိုင်အမာပြောခဲ့သည်။ 

"သူက ကျွန်တော့် အစ်ကိုလိုပါပဲ" ဟု ပရာယွတ်က ဆိုသည်။ 

၎င်းတို့မှာ မတူညီသည့် နိုင်ငံရေးပါတီများကို ကိုယ်စားပြုသော်လည်း ပရာဝစ်ကို နိုင်ငံရေးပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်မထားကြောင်းလည်း ပရာယွတ်က ပြောခဲ့သည်။ 

ဗိုလ်ချုပ်ကြီးပရာယွတ်က ၂၀၁၄ ခုနှစ် မေလ (၂၂) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ်၏ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည်။

ထို့နောက် စစ်တပ် ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းစေခဲ့ကာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်က ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် ပရာယွတ် ဝန်ကြီးချုပ်ဖြစ်ပြီး အာဏာတည်မြဲရေးအတွက် အကူအညီဖြစ်ခဲ့ကြောင်း ဝေဖန်သူများက ပြောဆိုကြသည်။

Source: Bangkok Post