လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာအတွင်း quarantine center ပို့ခံရသူများ၏ နေအိမ်၊ဆိုင်ခန်းများ ဖေါက်ထွင်းခံနေရ

လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာအတွင်း quarantine center ပို့ခံရသူများ၏ နေအိမ်၊ဆိုင်ခန်းများ ဖေါက်ထွင်းခံနေရ

တာချီလိတ်ခရိုင်တစ်ဖက်ကမ်း လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းအများစုနေထိုင်ရာ မြန်မာရွာ (ရခိုင်ရွာ)အတွင်းမှ COVID 19 သံသယရှိသူဟု သတ်မှတ်ခံရသူများကို Quarantine Center သို့ပို့ခံထားရချိန်တွင် ရွာအတွင်းကျန်ခဲ့သည့် နေအိမ်၊ဆိုင်ခန်းများ ဖေါက်ထွင်းခံရမှုဖြစ်ပွားနေသည်ဟု သိရသည်။

Q ဝင်ပါဆိုပြီး တောင်ခြေကို အပို့ခံရပြီဆိုရင် ရွာထဲကျန်ခဲ့တဲ့ ဈေးဆိုင်တွေ၊ အိမ်တွေက ဖေါက်ထွင်းခံရတယ်။ အိမ်တွေ၊ဆိုင်တွေက ဒီအတိုင်းပစ်ထားခဲ့ကြရတာ။ အခုဆို ရွာထဲမှာ လူမရှိတဲ့အိမ်က တော်တော်များနေပြီ။ တစ်နေ့ကဆို တစ်ရက်ထဲ (၅) အိမ်တိတိ အဖေါက်ခံရတယ်။ ရခိုင်ရွာတာဝန်ရှိသူတွေကလည်း ဘာမှ မလုပ်ပေးဘူး။ ဒီတိုင်းသာဆို Q ကနေပြန်လာကြရင် ဘာမှကျန်တော့မှာတောင် မဟုတ်ဘူး

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၀)ရက်နေ့တွင် ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ တစ်စုတစည်းထဲ နေထိုင်ရာ နေရာဖြစ်သည့် မြန်မာရွာ (ရခိုင်ရွာ) တွင်း နေထိုင်သူများကို ရွှေတြိဂံအထူးစီးပွားရေးဇုန်လုပ်ကိုင်ခွင့်ရကုမ္ပဏီက COVID 19 စစ်ဆေးပေးနေပြီး အချို့ကို တောင်ခြေတွင် ဖွင့်လှစ်ထားသည့် quarantine center သို့ ပို့ဆောင်နေခြင်းဖြစ်သော်လည်း ပို့ဆောင်ခံရသူများက မည်သည့်အတွက်ကြောင့်ပို့သည်ကို မသိရဘဲဖြစ်နေကြောင်း သိရသည်။

ဘာလို့ q(quarantine) ဝင်ခိုင်းတာလဲမသိဘူး။ ဆေးမအောင်ဘူးဆိုပြီး ပို့လိုက်တယ်။ အခုဆို လူ (၄၀၀) လောက်တောင်ရှိနေပြီ။ တစ်ရွာလုံးတောင် ဝင်ရမလားမသိဘူး။ ဘယ်သူက ပိုးတွေ့လို့၊ ဘယ်သူနဲ့ထိတွေ့လို့ Q ဝင်ရမှန်းလည်း မသိဘူး။ အနံ့ပျောက်တာတို့၊ ဖျားတာတို့ဖြစ်လို့လည်း မဟုတ်ဘူး။ ကျန်းကျန်းမာမာပဲရှိနေတာကနေ Q ဝင်ခိုင်းတယ်။ ရွာထဲကလူတွေပဲ Q ဝင်ရတယ်။ အပြင်ကလူတွေ မပါဘူး။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ အဆိုပါရွာမှ quarantine center သို့ ပို့ခံရသူ လူဦးရေ (၄၀၀) ဝန်းကျင်ရှိနေပြီဟု သိရပြီး Quarantine Center တွင် ထားရှိစဉ်အတွင်း အစားအသောက် စီစဉ်ပေးထားသည်ဟု သိရသည်။

သို့သော် quarantine center သို့ မည်သည့်အတွက် ပို့ဆောင်သည်၊ မည်မျှကြာအောင်နေထိုင်ရမည်ကို အသိပေးပြောပြခြင်းမရှိသည့်အပြင် ကျေးရွာအတွင်း ကျန်ခဲ့သည့်နေအိမ်များကို ဖေါက်ထွင်းခံရမှုများလည်း ကြုံနေရသဖြင့် quarantine ပို့ခံရသူများမှာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ယမန်နေ့ကလည်း အဆိုပါ quarantine center အတွင်းမှ အမျိုးသားအချို့ ဖဲကစား၍ဟုဆိုကာ တာဝန်ရှိသူဟုယူဆရသူက ပြင်းထန်စွာရိုက်နှက်နေသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့သည်ကိုလည်း တွေ့ရသည်။