ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးကြဲချရာ ဒေသခံ (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာ ရ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးကြဲချရာ ဒေသခံ (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာ ရ

 ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး သေဆုံးပြီး (၄)ဦးဒဏ်ရာရရှိကာ မြို့မစျေးရှိ ဆိုင်ခန်းများ အပါအဝင် နေအိမ် (၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားသည်ဟု TNLA ထံမှ သိရသည်။

ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ် (၅)ရက်နေ့တွင် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်ပျံဝဲခဲ့ပြီးနောက် နေ့လယ် (၃)နာရီကျော်တွင် (၄)ကြိမ် ပေါင်(၅၀၀)ဗုံး (၇)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၃)ဦးနှင့် မြို့လယ်ရှိ ဒေသခံ(၂)ဦး  ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ်(၅)လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြို့မစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်သွားသည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား TNLA မှ တိုက်ခိုက်နေသည်။

အဆိုပါ စခန်းကုန်းအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၉၆)လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Y12 ဖြင့် ဗုံး (၂)လုံး နှင့် Jet Fighter ဖြင့် (၄)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

 

Photo:  TNLA