ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် မြန်မာလုပ်သားများနှင့် ပတ်သတ်ပြီး မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့၏ ကူညီမှုကြောင့် ဘတ်(၁၈)သန်းကျော် နစ်နာကြေးပြန်လည်ရရှိကြောင်း သိရသည်။
မဟာချိုင်မြို့တွင် ဖွင့်လှစ်ထားသည့် စက္ကူစက်ရုံမှ အလုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်တွင် စက်ရုံပိတ်သိမ်းကာ အလုပ်ထုတ်ခဲ့သဖြင့် မြန်မာအလုပ်သမား(၃၀၀)ကျော် အပါအဝင် စုစုပေါင်း လုပ်သား(၃၈၀)ဦးခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရခြင်းဖြစ်သည်။
“သူတို့ ဒီအလုပ်ပြုတ်နေတဲ့ ကြားကာလမှာ နားနေရတဲ့ရက်တွေ ခံစားခွင့်တွေရရှိဖို့ ဆက်လက်လုပ်ပေးမယ်။ နောက်ပြီးတော့ သူဌေးဆီကနေ အလုပ်ပြောင်းရွေ့ခွင့်တွေ ရရှိအောင် ဆက်လက်လုပ်ပေးမယ်။ အလုပ်ရှာတာ ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ရမှာဖြစ်တယ်။ MoU တွေကတော့ မြန်မာအေဂျင်စီနဲ့ ထိုင်းအေဂျင်စီတွေ ဘက်က တာဝန်ယူပြီးတော့ ဆောင်ရွက်ပေးရမယ့်အပိုင်းတွေရှိတာပေါ့နော်။ မနေ့ကစပေးတယ်၊ ဒီနေ့အပြည့်အစုံရကြတယ်။”ဟု M.H.A.C မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် ပြောသည်။
မြန်မာအလုပ်သမားများရရှိသည့် နစ်နာကြေး ဘတ်ငွေ(၁၈)သန်းကျော်မှာ (၂)နှစ်အတွင်း ထိုင်းနိုင်ငံအတွင်း၌ ဖြစ်ပွားခဲ့သည့် အလုပ်ရှင်၊ အလုပ်သမားပြဿနာအတွင်း အများဆုံးရရှိခြင်းဖြစ်သည်ဟု သိရသည်။
အလုပ်ရှင်ဖြစ်သူမှ မြန်မာအလုပ်သမားများအား ဇူလိုင်လ(၂၂)ရက်တွင် နစ်နာကြေးအဖြစ် လုပ်သက်တစ်နှစ်ရှိသူအား ဘတ် (၁၀,၀၀၀)၊ လုပ်သက်(၂)နှစ်ရှိသူအား ဘတ်(၂၀,၀၀၀)၊ လုပ်သက်(၃)နှစ်မှ (၅)နှစ်အထိ လုပ်သက်ရှိ သူများအား ဘတ် (၃၀,၀၀၀)ပေးမည်ဟု ပြောဆိုခဲ့သည်။
ထို့နောက် Myanmar Humanitarian Action Centre (M.H.A.C)မဟာမိတ်အဖွဲ့၏ ကူညီပေးမှုဖြင့် လုပ်သက်(၁)နှစ်မှ (၃)နှစ်မပြည့်သေးသည့် အလုပ်သမား များအား နစ်နာကြေးဘတ်(၃၂,၆၇၀)နှင့် လုပ်သက်(၃)နှစ်မှ (၅)နှစ်အထိ အလုပ်သမားမျအား နစ်နာကြေး ဘတ် (၆၅,၃၄၀)ကို အလုပ်ရှင်က သဘောတူပေးချေရာ အလုပ်သမား(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ်(၁၈)သန်း (၂) သိန်း(၅)ထောင်(၅)ရာရရှိသည်ဟု သိရသည်။
"စက်ရုံစပိတ်တဲ့အချိန်က အလုပ်ရှင်က ထိုက်သင့်တဲ့ နစ်နာကြေး မပေးဘူး။ ကျွန်တော်တို့ကို (M.H.A.C) အဖွဲ့ ကိုရဲမင်း ရုံးက ကူညီဆောင်ရွက်ပေးမှ ထိုက်သင့်တဲ့ နစ်နာကြေးနဲ့ လူမှုဖူလုံရေးကြေးခံစားခွင့် ဘိုင်ကျန့်အော့ စတာတွေ ရရှိခဲ့တာပါ။ ကျွန်တော်တို့တွေကို အစစအရာရာကူညီပေးတဲ့ ကိုရဲမင်းကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်"ဟု အလုပ်သမားတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စကို MHAC မဟာမိတ်အဖွဲ့၊ LPN ဖောင်ဒေးရှင်းနှင့်အတူ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။