AAC ဂေဟာကို ထိုင်းအာဏာပိုင်များက ချိပ်ပိတ်

AAC ဂေဟာကို ထိုင်းအာဏာပိုင်များက ချိပ်ပိတ်

လက်တွဲကူညီ AAC မဟာမိတ် ဂေဟာကို တစ်လအတွင်းအပြီး ဖြိုချရန်နှင့် ရက်ကျော်ပါက တစ်ရက်ကို ဒဏ်ငွေ ဘတ်တစ်သောင်းဆောင်ရန် ထိုင်းအာဏာပိုင်များက အမိန့်ပေး၍ ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၀) ရက်နေ့တွင် ချိပ်ပိတ်လိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီမှုပေးနေသော လက်တွဲကူညီ AAC မဟာမိတ် ဂေဟာကို ထိုင်းအာဏာပိုင်များက ဖေဖော်ဝါရီလ (၁၈)ရက်နေ့က လာရောက်စစ်ဆေး၍ ပိတ်သိမ်းခိုင်းခဲ့ပြီးနောက် ယနေ့တွင် ချိပ်ပိတ်လိုက်ကြခြင်းဖြစ်သည်။

“ဒီနေ့ကျတော့ စာတွေလာကပ်ပြီးတော့မှ ဒဏ်ငွေနဲ့ပေါ့နော်။ လာရောက်ဖြေရှင်းပါပေါ့။ မဖြေရှင်းရင် တစ်ရက်ကို တစ်သောင်းဒဏ်ရိုက်မယ်။ တစ်လအတွင်းကို အဆောက်အဦးကို ဖြိုပေးရမယ်ပေါ့။ မဖြိုပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်ပေါ့။”ဟု AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက Tachileik News Agency ကိုပြောသည်။

ချိပ်ပိတ်စာတွင် ဂေဟာအား ဆက်လက်အသုံးပြုပါက (၃)လထက်မပိုသောထောင်ဒဏ် ချမှတ်နိုင်ပြီး (သို့မဟုတ်) ဘတ်(၆)သောင်းထက်မပိုသော ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကာ ပြစ်ဒဏ်(၂)မျိုးလုံးချမှတ်ခံရနိုင်သည်ဟု ပါရှိသည်။

မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ထိုင်းအာဏာပိုင်များသည် ဖေဖော်ဝါရီလ (၁၈)ရက်နေ့က လက်တွဲကူညီ AAC မဟာမိတ် ဂေဟာကို လာရောက်စစ်ဆေးပြီး အဆောက်အဦးသည် ထိုင်းအစိုးရက ခွင့်ပြုထားသည့် ဥပဒေအပြင်ဘက်ကို ရောက်နေသဖြင့် ဖြိုချပေးရန် အကြောင်းကြားသည်ဟု ဆိုသည်။

ထိုင်းအာဏာပိုင်များက ဖိအားပေးခြင်းကြောင့် ဂေဟာကို ဖြိုချရမည်ဆိုက တစ်ဦးတစ်ယောက်ပိုင်မဟုတ်သဖြင့် အကြောင်းကြား အသိပေးရန်လိုအပ်ပြီး တစ်ဦးတစ်ယောက် ဆုံးဖြတ်ချက်ဖြင့် ဖြိုချ၍မရဟုလည်း ဆိုသည်။

“ကျွန်တော်တို့ကတော့ ဒီဂေဟာကြီး မဖျက်ရရေး အစွမ်းအစရှိသလောက် ကြိုးစားကြည့်မယ်။ လုံးဝဖျက်မယ်ဆိုတောင် ကျွန်တော်တို့ကိုယ်တိုင် ဖျက်ဖို့အတွက် တော်တော်ခက်တယ်။ ဒါကိုလည်း သွားပြီးတော့ မေတ္တာရပ်ခံရမယ်။ ထိုင်းအစိုးရဘက်က ဖျက်မယ်ဆိုရင်တော့ ဘာမှလုပ်လို့မရဘူးလေ။ သူ့နိုင်ငံ သူ့အခွင့်အရေးဆိုတော့။”ဟု ဦး ခိုင်ကြီးက ဆက်ပြောသည်။

လက်တွဲကူညီ AAC မဟာမိတ် ဂေဟာကို ၂၀၁၅ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ ပုံစံမတောင်းခံခဲ့ရသည်ကလွဲ၍ ကျန်သည့်ပြစ်ချက်မရှိခဲ့ဟု ဆိုသည်။

“သူတို့ လာစစ်ဆေးပြီးတော့မှ မှတ်ပုံပြန်တင်တာမျိုးတွေ အဆောက်အဦးကို ပုံစံအသစ်ပြန်တောင်းတာမျိုးတွေ သူတို့နားလည်ပေးမယ်ဆိုရင်တော့ ပြန်ပြီးတော့ ရပ်တည်လို့ရမှာပေါ့။ အဲဒါမှမဟုတ် ဘယ်လိုပဲလုပ်လုပ် ခွင့်ကိုမပြုဘူးဆိုရင်တော့ ကျွန်တော်တို့က ဖျက်ပေးရမယ့်ပုံစံပဲ။”ဟု ဦးခိုင်ကြီးက ပြောသည်။

ထိုင်းအာဏာပိုင်များသည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်ကြိမ်၊ ဒေါ် အောင်ဆန်းစုကြည်  အစိုးရလက်ထက်တွင် တစ်ကြိမ် လာရောက်စစ်ဆေး၍ ဖြိုချခြင်းတို့ကြောင့် မြန်မာသံအမတ်များက လာရောက်ညှိနှိုင်းပေး၍ ပြေလည်မှုရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဒီဟာကြီးကို တိတ်တိတ်ပုန်းလုပ်ခဲ့တာမဟုတ်ဘူး။ မေတ္တာရပ်ခံပြီးတော့ ဒုက္ခသည်တွေ ခြေ လက် မသန်စွမ်းတဲ့သူတွေကို ထားတာဆိုပြီးလုပ်ခဲ့တာ။ တခြားမှာလည်း တခြားအဆောက်အဦးတွေ ဆောက်ပြီးနေကျတာပဲ။ ကျွန်တော်တို့ ဂေဟာတစ်ခုတည်းကိုပဲ လာပြီးဖျက်သိမ်းခိုင်းတာက ဒါကတော့ နည်းနည်းစိတ်နှောက်စရာဖြစ်သွားတာပေါ့နော်။”ဟု ဦးခိုင်ကြီးက ပြောသည်။

AAC မဟာမိတ်အဖွဲ့သည် လက်နက်ကိုင်တော်လှန်နေခြင်းမဟုတ်ဘဲ ရွှေ့ပြောင်းမြန်မာလုပ်သားအရေးကို ကူညီပေးနေခြင်းသာဖြစ်၍ စစ်ကောင်စီအနေဖြင့် အစိုးရဟုသတ်မှတ်ထားပါက ဝင်ရောက်ဖြေရှင်းပေးရန်သင့်သည်ဟုလည်း ဦးခိုင်ကြီးက ဆိုသည်။

အဆိုပါဂေဟာတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများထဲမှ ဒုက္ခိတဖြစ်နေသူများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကြောင့် ကိုယ်အင်္ဂါပြတ်တောက်သွားသူများအပြင် သက်ကြီးရွယ်အိုများနှင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်မိခင်များကိုသာ ခိုလှုံခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။ 

ဂေဟာတွင် ခြေလက်အင်္ဂါမသန်စွမ်းသူ၊ သက်ကြီးရွယ်အိုနှင့် ကလေးတစ်ဦးအပါအဝင် (၂၁)ဦး ခိုလှုံနေပြီး ၎င်းတို့အား မည်သို့ပြောင်းရွေ့ပေးရမည်ကို ခက်ခဲနေရပြီး ထိုင်းအာဏာပိုင်များထံ အပ်နှံပေးသော်လည်း တာဝန်မယူဟု ဆိုသည်။

“မနေ့က အာဏာပိုင်တွေ လာတဲ့အချိန်မှာလည်း ဒီလူနာတွေကိုတွေ့သွားတဲ့အချိန်မှာ သူတို့ကို ကျွန်တော်က အပ်တယ်။ သူတို့က မယူသွားတာ။ ဒီဂေဟာကို ပိတ်မယ်ဆိုရင် ဒီလူနာတွေပါ သယ်သွားပေးပါ။ သက်ဆိုင်ရာဌာနတွေမှာ ပို့ပေးပါ။ ဒီလူနာတွေက ကျွန်တော်တို့ နိုင်ငံသားတော့မှန်တယ်။ ထိုင်းလုပ်ငန်းခွင်မှာ အရေးပေါ်ဖြစ်ပြီးတော့မှ လုပ်ငန်းရှင်က ကူညီမပေးလို့ ဒီကိုရောက်လာကြတာ။ မြန်မာပြန်ဖို့လည်း အခက်အခဲရှိနေလို့။”ဟု ဦးခိုင်ကြီးက ပြောသည်။

ယင်းအထဲတွင် နာတာရှည်ဖြစ်နေသူများ၊ နစ်နာကြေးယူရန် စောင့်နေကြသူများဖြစ်ပါဝင်ပြီး စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ အလုပ်သမားများ အခက်အခဲဖြစ်နေသည်ကို ဝင်ရောက်ဖြေရှင်းပေး၊ မပေးကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

“ကျွန်တော်တို့က သူတို့ကို အားကိုးတာတော့မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ ဒုက္ခတွေကို ကျွန်တော်တို့က မြန်မြန်ပြေလည်စေချင်တာလေ။ မြန်မာသံရုံးကတော့ ဒီအလုပ်သမားတွေ နေရာချပေးဖို့အတွက်တော့ သူတို့မှာ တာဝန်ရှိတယ်လို့ မြင်တယ်။ ဘာလို့လည်းဆို ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အခွန်ကို သူတို့ကောက်နေတာကိုး။ ကျွန်တော်တို့က သူတို့တာဝန်မယူလို့ လုပ်ပေးရတာဖြစ်တဲ့အတွက် လုံးဝဖြေရှင်းလို့မရရင် သံရုံးပဲ ကျွန်တာ်သွားပို့မှာ။”ဟု ဦးခိုင်ကြီးက ပြောသည်။

ထိုင်းအာဏာပိုင်များလာရောက်စစ်ဆေးသည့်နေ့က တွေ့ရှိသွားသည့် လူဦးရေ(၁၀၀)ဝန်းကျင်မှာလည်း MoU နှင့် တရားဝင်ရောက်လာကာ သံရုံးတွင် အကူအညီတောင်းပြီး နေစရာမရှိ၍ AAC ရုံး၌ ခတ္တခိုလှုံနေကြသူများဖြစ်သည်ဟု သူကဆိုသည်။

၎င်းတို့၏ အထောက်အထားရှိသူများကို နေရပ်လိပ်စာပြောင်းလဲကြောင်း အကြောင်းမကြားထားသည့်အတွက် ပတ်စပို့နှင့် နေထိုင်ခွင့် လက်မှတ်များကို သိမ်းဆည်းသွားပြီး တစ်ဦးလျှင် ဘတ်(၄,၀၀၀)စီနှင့် အိမ်ရှင်က ဘတ် (၁,၆၀၀)ပေးဆောင်မှ အဆိုပါ အထောက်အထားများ ပြန်လည်ပေးမည်ဟု ထိုင်းအာဏာပိုင်များက ပြောဆိုသွားသည်ဟုလည်း သိရသည်။ 

AAC အနေဖြင့် နစ်နာကြေးရလိုသူများအား လူမှုဖူလုံရေးရုံးသို့ ခေါ်ယူဖြေရှင်းပေးခြင်းကို ပုံမှန်လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသူများအတွက် နစ်နာကြေးတောင်းသည့်အခါ အလုပ်သမားအတွက် နေထိုင်စရာအခက်အခဲဖြစ်လာတော့မည်ဟု သိရသည်။

#TachileikNewsAgency