ဇူလိုင်လအတွင်း ဗိုလ်မှူး နှစ်ဦး အပါအဝင် တပ်သားနှင့်ရဲ ၅၄ ဦး စစ်ကောင်စီကိုစွန့်ခွာ၍ ပြည်သူဘက်သို့ကူးပြောင်း အလင်းဝင်ရောက်ခဲ့

ဇူလိုင်လအတွင်း ဗိုလ်မှူး နှစ်ဦး အပါအဝင် တပ်သားနှင့်ရဲ ၅၄ ဦး စစ်ကောင်စီကိုစွန့်ခွာ၍ ပြည်သူဘက်သို့ကူးပြောင်း အလင်းဝင်ရောက်ခဲ့

၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် တပ်သားနှင့်ရဲ (၅၄) ဦး စစ်ကောင်စီကိုစွန့်ခွာ၍ ပြည်သူဘက်သို့ကူးပြောင်း အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိအဆင့် ဗိုလ်မှူး (၂)ဦး ၊ ဗိုလ်ကြီး (၅)ဦး နှင့် ဗိုလ် (၁)ဦး အပါအဝင် တပ်သားနှင့်ရဲ (၅၄)ဦး ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၅၄) ဦးတွင် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူများလည်းရှိပြီး လက်နက်ယူဆောင်လာသူများကို သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

 

ဇူလိုင်လအတွင်း အလင်းဝင်ရောက်လာခဲ့သူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၂)လက်နှင့် ခဲယမ်းမီးကျောက်များ ရရှိခဲ့ကြောင်း သိရသည်။

 

စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့မဟုတ် နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရမှ တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: NUG