ကျောက်ပန်းတောင်းမြို့နယ်တွင် PDF သိမ်းပိုက်ခဲ့သည့် ပျူစောထီးစခန်းအား စစ်ကူပေးရန် ခြေလျင်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျောက်ပန်းတောင်းမြို့နယ်တွင် PDF သိမ်းပိုက်ခဲ့သည့် ပျူစောထီးစခန်းအား စစ်ကူပေးရန် ခြေလျင်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ပျူစောထီးစခန်းအား စစ်ကူပေးရန် ခြေလျင်ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း TTA-PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးစခန်းအား စစ်ကူပေးရန် ကျောက်ပန်းတောင်းမြို့မှ ခြေလျင်ချီတက်လာသည့် အင်အား (၅၀)ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ဇူလိုင်လ (၁၄)ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကျောက်ပန်းတောင်းနယ် လေးပင်ရွာနှင့် ဒီးဒုတ်ကုန်းကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးခဲ့ပြီး အထိအခိုက်များသည်ဟု မြေပြင်သတင်းအရ ပြန်လည်သိရှိရကြောင်း TTA-PDF အဖွဲ့မှ ဆိုသည်။

“စစ်ကောင်စီ စစ်ကြောင်းက မိုင်းဆွဲခံရပြီးတော့ ရှင်းလင်းရေးလုပ်ပြီး နောက်ပြန်လှည့်သွားတယ်။ လက်ရှိအချိန်မှာ ကျွဲတလင်းရွာကပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာနေကြပြီ၊ ရွာမှာ စစ်ကောင်စီနဲ့ပက်သက်တဲ့ ပျူစောထီးရော ၊ စစ်သားရော မရှိတော့ပါဘူး” ဟု TTA-PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊  ညောင်ဦးခရိုင် တပ်ရင်း ၁/၅ နှင့် BGF မြင်းခြံတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သာမြို့နယ်၊ ကျွဲတလင်းရွာရှိ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပြီးခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် ပျူစောထီး (၄) ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခဲ့ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency