ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း ၂၀၀ ကျော်ကို လားရှိုးခရိုင်ပကဖနှင့်‌ တော်လှန်ရေးတပ်များက စောင့်ရှောက်ထား

ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း ၂၀၀ ကျော်ကို လားရှိုးခရိုင်ပကဖနှင့်‌ တော်လှန်ရေးတပ်များက စောင့်ရှောက်ထား
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်မှ ပြန်လွတ်လာသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း(၂၀၀)ကျော်ကို လားရှိုးခရိုင် ပကဖနှင့် တော်လှန်ရေးတပ်များက စောင့်ရှောက်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမောင်မောင်ဆွေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လားရှိုးထောင်မှ အကျဉ်းသားများပြန်လွတ်လာကာ နိုင်ငံရေးအကျဉ်းသားများကို လက်ရှိအချိန်ထိ မိသားစုဝင်များက အဆက်အသွယ်မရသေးသော်လည်း ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်း (၂၀၀)ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)လားရှိုးခရိုင်နှင့် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဦးမောင်မောင်ဆွေက ရေးသားထားသည်။

“တော်လှန်ရေးအင်အားစုတွေ အဖိုးကို ခေါ်ထားပေးတယ်။ ဖုန်းအဆက်အသွယ်တော့ မရသေးဘူး။ သူတို့ကလာပြောပေးတယ်။ အခုက ဖုန်းလိုင်းတွေ မရသေးတာရယ်၊ လုံခြုံရေးရယ်ကြောင့် သည်းခံပေးပါဦးတဲ့။ ရတာနဲ့ ဆက်သွယ်ဖို့ ချိတ်ဆက်ပေးပါမယ်လို့ပြောတယ်။”ဟု ဦးထွန်းထွန်းဟိန်နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နေရာ လားရှိုးအကျဉ်းထောင်လည်း ပွင့်သွားပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးထွန်းထွန်းဟိန်သည် အသက်(၇၅)နှစ်ရှိပြီဖြစ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်း ဖြစ်သည်။  

ထို့နောက် စစ်တပ်အာဏာသိမ်းရာ ဦးထွန်းထွန်းဟိန်ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က)၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ (၁၂၂)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၀၅ (ခ)တိုဖြင့် စစ်ကောင်စီက ထောင်ဒဏ်(၃၃)နှစ်ဖြင့် လားရှိုးထောင်တွင် အကျဉ်းချထားခြင်းဖြစ်သည်။

#TachileikNewsAgency