စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် ကိုးသောင်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် ကိုးသောင်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် ကိုးသောင်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar ၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ အချက်အလက်ကောက်ယူမှုအရ အရပ်သားနေအိမ် (၉၅,၄၅၀) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ၎င်းတို့ထဲမှ နေအိမ်ပေါင်း (၆၇,၅၈၉) လုံး သည် စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မီးရှို့ဖျက်ဆီးခံရမှု၏ ၇၀ ရာခိုင်နူန်းကျော်ရှိကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင်လည်း အရပ်သားနေအိမ်ပေါင်း (၂၂,၇၂၉) လုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးပြင်းထန်လာခဲ့ပြီး လက်နက်ကိုင် ခုခံစစ် အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများမှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် မြို့သိမ်းတိုက်ပွဲဆင်နွဲသည့် မြို့ရွာဒေသများနှင့် တော်လှန်ရေးအင်အားစုများအားထောက်ခံသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီး စစ်ကြောင်းထိုးမီးရှို့ခြင်း အပါအဝင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများမှ ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်ဆီးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံအနှံ့ရှိ မြို့/ရွာပေါင်း (၂၇၀) တွင် မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ၊ အိမ်ခြေ (၁၅,၀၀၀) နီးပါး ဆုံးရှုံးပျက်ဆီးခဲ့ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် တိုးလာခဲ့ပြီး ၊ ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သာရီတိုင်း ၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ အရပ်သားနေအိမ်ပေါင်း (၁,၁၀၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝတ်အတွင်း စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းရှိ ရွာပေါင်း (၁၆)ရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်ပေါင်း (၃၁၀၀) ကျော် ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။

 

မီးရှို့ခံထားရသည့် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်သည့်အခါ မိုင်းအန္တရာယ်အပါအဝင် ဘေးကင်းလုံခြုံရေးအတွက် စိတ်ချရမှသာ ပြန်လည်ဝင်ရောက်သင့်ကြောင်း Data For Myanmar မှ အကြံပြုထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုများနှင့် ပက်သက်ပြီး နောက်ဆုံးအခြေအနေများကို အသေးစိတ်သိရှိနိုင်ခြင်း မရှိသေးကြောင်း Data For Myanmar မှ ဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် အရပ်သားနေအိမ် (၂၁၁၁)လုံး ၊ ၂၀၂၂ ခုနှစ်တွင် (၄၆,၈၅၆) လုံး ၊ ၂၀၂၃ ခုနှစ်တွင် (၃၁,၄၈၄)လုံးနှင့် ၂၀၂၄ ခုနှစ် (ဇွန်လကုန်အထိ) တွင် (၁၄,၉၆၂)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်၍ လအလိုက် မီးရှို့ဖျက်ဆီးမှုများကိုကြည့်လျှင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အများဆုံးဖြစ်ခဲ့ပြီး နေအိမ်ပေါင်း (၁၀,၅၆၂)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency