တာချီလိတ်မြို့တွင် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးထားသည့် သူခိုးကို အုပ်ချုပ်ရေးမှူးက ပြန်လွှတ် 

တာချီလိတ်မြို့တွင် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးထားသည့် သူခိုးကို အုပ်ချုပ်ရေးမှူးက ပြန်လွှတ် 

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုတွင် နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက် ခိုးယူသည့် သူခိုးအား ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးထားသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက အရေးယူခြင်းနှင့်အတူ သက်ဆိုင်ရာသို့ အပ်နှံခြင်း မရှိဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ အကူး နံနက်(၃)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုအတွင်း ဝမ်ကော့ကျေးရွာတွင် အမျိုးသားတစ်ဦးက နေအိမ်အား ဖောက်ထွင်းဝင်ရောက် ခိုးယူနေသည်ကို အနီးပတ်ဝန်းကျင်နေသူများက တွေ့ရှိသွား၍ ဝိုင်းဝန်းဖမ်းဆီးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိသည့် သူခိုးအား အရေးယူစေလို၍ ကျေးရွာနေပြည်သူများက ဖန်မင်ကျေးရွာအုပ်စု၏ ယာယီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသူ ဦးကျော်နိုင် အား ဆက်သွယ်အကြောင်းကြားရာ ယာယီအုပ်ချုပ်ရေးမှူးဦးကျော်နိုင်သည် နံနက်မှ ရောက်ရှိလာပြီး သူခိုးအား ပြန်လွှတ်ပေးရန် ပြောသည်ဟု သိရသည်။

"သူခိုးက အိမ်တစ်အိမ်ကို ဖောက်ထွင်းလို့  ရွာသားတွေအားလုံး လိုက်ဖမ်းလို့ မိခဲ့ပါတယ်။ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူးကို သူခိုးမိထားကြောင်း သိစေဖို့ အကြောင်းကြားတော့ သူက မနက်မှ လာပြီး ရှင်းပေးမဲ့ သဘောပြောတယ်။ အဲ့ဒါနဲ့ ရွာသားတွေကလည်း သူခိုးကို ဆက်လက်ထိန်းသိမ်းထားတယ်။ အုပ်ချုပ်ရေးမှူး လာမှပဲ ရှင်းကြမယ်ဆိုပြီး မနက်(၇)နာရီထိ စောင့်တာ။ အုပ်ချုပ်ရေးမှူးက မနက် (၇)နာရီခွဲလောက်မှာ ရောက်လာတော့တယ်။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာသော်လည်း ကျေးရွာနေ ပြည်သူများ မျှော်လင့်ထားသလို အရေးယူပေးခြင်း မဟုတ်ဘဲ ပြန်လွှတ်ပေးရန် ပြောခြင်း ဖြစ်သည်ဟု ဆိုသည်။

"အုပ်ချုပ်ရေးမှူး ရောက်လာတော့ သူခိုးကိစ္စ ထိထိရောက်ရောက် ကိုင်တွယ်ပေးမယ်ထင်ပြီး ဝမ်းသာနေကြတာ။ တရားမျှမှုတွေ ရမယ်ပေါ့လေ။ သူခိုးကို ဖမ်းသွားပြီး သက်ဆိုင်ရာကို အပ်နှံပြီးတော့ ဥပဒေအရတွေ ဘာညာ လုပ်ကြမယ်လို့ ထင်နေတာ။ တကယ်တမ်း အုပ်ချုပ်ရေးမှူး ပြောတာကတော့ သူခိုးက ပစ္စည်းလည်း ရသွားတာ မဟုတ်ဘူး။ ခိုးမဲ့ပစ္စည်းကလည်း ဈေးမကြီးဘူး ဆိုတဲ့ သဘောပြောပြီး အဲ့ဒီ သူခိုးကို ရွာအပြင်ကိုပဲ သွားလွှတ်လိုက်ဖို့ ပြောတယ်။ ရွာသားတွေက မနက် အစောပိုင်းတစ်ပိုင်းလုံး မအိပ်ဘဲ ကြိုးစား စောင့်ကြပ်ပြီး ဖမ်းထားတာ။ အခုတော့ ဘာမှ မထူးတော့ဘူး ပြန်လွှတ်ပေးလိုက်ရော။ အဲ့ဒီ သူခိုးက ပြန်လာမခိုးဘူးလို့ ပြောလို့ရနိုင်ပါ့မလား။ တရားမျှတမှုတွေ မရှိတော့ဘူးလား အဲ့လို လုပ်လို့ရရိုးလား"ဟု ၎င်းက ဆက်လက် ပြောသည်။

ဖန်မင်ကျေးရွာအုပ်စုအတွင်း ဝမ်ကော့ကျေးရွာတွင် ယခင်က ဆိုင်ကယ်ခိုးမှု နှင့်အတူ နေအိမ်အတွင်း ဖောက်ထွင်းခိုးခံရသည့် ဖြစ်စဉ်များစွာ ရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှ သူခိုး ကို ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။