ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၆)ဦး သေဆုံး

ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၆)ဦး သေဆုံး
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်း ပန်လော့ရွာ နတ်စင်အနီးတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပွားပြီး (၆)ဦး‌ သေဆုံးကာ (၂)ဦး ဒဏ်ရာရကြောင်း သိရသည်။

ကျိုင်းတုံမြို့ ပန်လော့ရွာအနီး နတ်စင်တွင် တာချီလိတ်မြို့ဘက်မှ မောင်းနှင်လာသည့် (၁၂)ဘီးကာ ကုန်တင်ယာဥ်နှင့် ကျိုင်းတုံမြို့ဘက်မှ မောင်းနှင်လာသည့် Toyota Succeed တို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Toyota Succeed အမျိုးအစား မော်တော်ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် အိမ်စီးကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၂)ဦး စုစု‌ပေါင်း (၆)ဦး သေဆုံးကာ ကုန်တင်ယာဥ်မှ ယာဥ်မောင်းအပါအဝင် (၂)ဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ကျိုင်းတုံမြို့ မီးသတ်တပ်ဖွဲ့မှ သွားရောက်မီးငြိမ်းသတ်ခဲ့ရပြီး မြို့နယ်ကြက်ခြေနီနှင့် တိုင်းနေလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Yan Naing