ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် ကြိုပင်ဝိုင်းအုပ်စု ရွှေကူရွာနေ အုပ်ချုပ်ရေးမှူးအား ဇူလိုင်လ (၁၀)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ (၁)နှင့် တပ်ခွဲ (၄)မှ ရွှေကူရွာအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယခင်ရွှေကူရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ရှင်းလင်းခံရပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး စစ်မှုထမ်းစုဆောင်းခြင်းနှင့် PDF ထောက်ပို့များအား စုံစမ်းကာ စစ်ကောင်စီအား တိုင်ကြားခြင်းများလုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဆိုသည်။

ပဲခူးတိုင်း ပြည်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးများအား ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီဖြစ်သဖြင့် ကျန်ရှိနေသေးသည့် အုပ်ချုပ်ရေးများအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး အမြန်ဆုံးနှုတ်ထွက်ကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့ကလည်း ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာနေ စစ်ကောင်စီမှ လုံခြုံရေးယူပေးနေသည့် သိမ်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူးအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီနှင့်ဆက်သွယ်ထားသည့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency