လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 

လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကော်သူးလေအုပ်ချုပ်နယ်မြေ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လယ်ဒိုမြို့နယ်အတွင်း ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ နံနက်ဆယ်နာရီမှ ညနေ ငါးနာရီအတွင်း စစ်ကောင်စီတပ် ခလရ-(၂၆၄) တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ခင်ကျေးရွာဘက်တွင် (၆)လုံး၊ နွားရေကြောင်းကျေးရွာဘက်တွင် (၇)လုံး၊ လေးအိမ်စု ကျေးရွာဘက်တွင် (၅)လုံး နှင့် အလှိုင်ဘက်တွင် (၁)လုံး စုစုပေါင်း (၁၉)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် လယ်ဒိုမြို့နယ် လေးအိမ်စုကျေးရွာအတွင်း စစ်ကောင်စီတပ် ခမရ(၃၀၇) တပ်ရင်းမှ နေ့လယ် (၁၂)နာရီ အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ၎င်းတို့၏ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ် ခမရ(၃၀၇) တပ်ရင်းမှ ဇူလိုင် (၆)ရက်နေ့ ညနေ (၅)နာရီတွင် ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်မှုကြောင့် ပေါက်ပင်ကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပေါက်ပင်ကုန်းကျေးရွာနေ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၈)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲတွင် စစ်ကောင်စီတပ် ခလရ(၂၆၄) တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲပြီး နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုမှ ဆိုသည်။

ဇူလိုင်လ (၉) ရက်နေ့ နေ့လယ်တစ်နာရီမှ နှစ်နာရီအတွင်း စစ်ကောင်စီတပ် ခမရ(၃၀၇)တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သမင်အင်းကုန်းကျေးရွာ ဘုရားကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခြင်း ၊ လေကြောင်းနှင့် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေပြီး စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ (၅)သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။

#TachileikNewsAgency