မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံ(၂)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရကြောင်း မြိုင် ပကဖ ထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီအင်အား (၂၅)ဦးဝန်းကျင်ဖြင့်တပ်စွဲထားသော မြိုင်မြို့မီးသတ်ရုံးကို တော်လှန်ရေးတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း သိရသည်။
တိုက်ခိုက်သည့်နေရာကို စစ်ကောင်စီက မြို့တွင်းစစ်ကူများ ရောက်ရှိလာပြီး ကာကွယ်ရေးတပ်များဘက်က ခဲယမ်းနည်းပါးမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ ရဲဘော်တစ်ဦးလည်း လည်ပင်းရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့တွင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြိုင်မြို့အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာ တောအတွင်း စစ်ရှောင်နေသည့် မောင်မင်းခန့်မောင် အသက် (၁၅)နှစ်၊ ဒေါ်အေးတင် အသက် (၄၂)နှစ်တို့ (၂)ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ရပြီး အရပ်သား (၃)ဦး လက်နက်ကြီးစထိမှန်၍ ပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် ပေါက်မြိုနယ်၊ ဇီးပြားပျူကျေးရွာနှင့် တရော်ကိုင်းရွာ ပျူစောထီးစခန်းများအား တော်လှန်ရေးတပ်များက ဒရုန်းနှင့် ရော့ကတ်၊ လက်နက်ကြီးများဖြင့် အကြိမ်ရေ (၁၂၀)ထက်မနည်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုများကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ်တပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ ဇော်မိုက် BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) ၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) ပကဖတပ်ရင်း (၁) တပ်ခွဲ (၃)၊ မြိုင် ပကဖ တပ်ရင်း (၂)၊ မြိုင် ပကဖ (IO) အဖွဲ့၊ Myaing U.A.V Fighterနှင့် Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: မြိုင် ပကဖ