မတ္တရာမြို့နယ် မြောက်တံငါရွာတွင် အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မတ္တရာမြို့နယ် မြောက်တံငါရွာတွင် အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း မတ္တရာမြို့နယ် မြောက်တံငါရွာတွင် အင်အား (၈၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း မတ္တရာ တိုက်နယ် (၃) ပ.က.ဖ မိုးကြိုးစစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

မတ္တရာမြို့မြောက်ဘက် မြောက်တံငါရွာ ပန်းအိစံစားသောက်ဆိုင်အနီး၌ အင်အား (၈၀) ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို မတ္တရာ တိုက်နယ် (၃) ပ.က.ဖ မိုးကြိုးစစ်ကြောင်းမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ပေပါမိုင်း (၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းကို မိုင်းလုံးအကြီးဖြင့် တိတိကျကျ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားနိုင်ပြီး ၊ ဖောက်ခွဲမှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးအလောင်းများမှ လက်နက်များ ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း မိုးကြိုးစစ်ကြောင်းမှဆိုသည်။

မတ္တရာ တိုက်နယ် (၃) ပ.က.ဖ မိုးကြိုးစစ်ကြောင်းမှ ဖြတ်တောက်ရေး ၊ တိုက်ခိုက်ရေး ၊ နယ်မြေရှင်းလင်းရေးစသည့် စစ်ရေးလှုပ်ရှားမှုများအပြင် စစ်မြေပြင်မှ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ရှမ်း-မန်း စစ်ဆင်ရေးကာလအတွင်း မတ္တရာမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုများ နေ့ညမရွေး ဆောင်ရွက်လျှက်ရှိသဖြင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ခိုလှုံကြပါရန် မတ္တရာ တိုက်နယ် (၃) ပ.က.ဖမှ တိုက်တွန်းထားသည်။

#TachileikNewsAgency