ရန်ကုန်တိုင်းအတွင်း သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများရှိနေ

ရန်ကုန်တိုင်းအတွင်း သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများရှိနေ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“သာကေတက ကျူးကျော်နေရာက စဖြစ်တာ သူတို့ကတော့ သတင်းဖုံးထားတာပေါ့။ လက်ရှိအချိန်အထိ သေဆုံးတာ (၅) ယောက်လောက်ရှိပြီ” ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အချို့တွင် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ငါးဦးရှိခဲ့ပြီး သေဆုံးလူနာမရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ဇူလိုင်လ (၆) ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သာကေတမြို့နယ်တွင်း လမ်းဘေးဈေးရောင်းချသူများအား ဇူလိုင် (၅)ရက်နေ့မှ ဇူလိုင် (၁၂)ရက်နေ့အထိ ရောင်းချခြင်းမပြုရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လိုက်လံကြေညာလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားမှုအများဆုံးဖြစ်သည့် သာကေတနှင့်ဒေါပုံတို့ရှိ သောက်သုံးရေများကို စစ်ဆေးသွားမည်ဖြစ်ပြီး Swab အဖြေပေါ် မူတည်၍ AGE/AWD (သို့မဟုတ်) Cholera (သို့မဟုတ်) အခြားအမည် တပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် မိုးဦးကာလတွင်ဖြစ်ပွားလေ့ရှိသည့် ရောဂါမျိုးဖြစ်ပြီး ရောဂါနှင့်ပတ်သက်၍ သတိပြုဖွယ်ရာများကို လှုံ့ဆော်စာများ ထုတ်ပြန်လျက်ရှိကာ ၊ ယင်းလှုံ့ဆော်စာများ တိုက်တွန်းချက်များကို သေချာဖတ်၍ ကြိုတင်ကာကွယ်ခြင်းနှင့် ကြိုတင်တားဆီး လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာမှ အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency