လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများထပ်ကျ၊ ရပ်ကွက် ၅ အနီးထိ တိုက်ပွဲဖြစ်လာ

လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများထပ်ကျ၊ ရပ်ကွက် ၅ အနီးထိ တိုက်ပွဲဖြစ်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် လက်နက်ကြီးများ နေအိမ်နှင့် စာသင်ကျောင်းများပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းများရှိနေသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးကျည်သည် လားရှိုးမြို့ ရပ်ကွက် (၉) နယ်မြေ (၃)အနီးသို့ကျကာ သားအမိနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး စာသင်ကျောင်းလည်း ထိမှန်ပျက်စီးသည်ဟု သိရသည်။

"ကလေးတွေမရှိတော့ လူထိတာမရှိခဲ့ဘူး။ တိုက်ပွဲက ရပ်ကွက် ၅ အထိရောက်လာတော့ ပြင်းထန်တယ်လို့ပြောလို့ရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်စွဲထားသည့် ကုန်းညောင်ရွာအနီးကိုလည်း ညီနောင်မဟာမိတ်တပ်များက ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့တွင်းကပါ ပေါက်ကွဲသံများကြားရသည်ဟု ဆိုသည်။

"ကုန်းညောင်ရွာက လားရှိုးနဲ့မဝေးဘူး။ ဒရုန်းတွေ ၅ စင်းလောက်နဲ့ ဒရော့ဗုံးချတိုက်နေတာ။ လားရှိုးရပ်ကွက်ထဲတွေတောင် အသံကြားရတယ်။ အခုက မန်အိုင်အထိရောက်လာပြီ တိုက်ပွဲက။ မုန်အိုင်ဆိုရင် လားရှိုးရပ်ကွက်(၅)နဲ့ မဝေးတော့ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းညီနောင်တပ်များက တိုက်ခိုက်နေရာ မြို့တွင်းနေရာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများရှိနေသည်။

ညီနောင်မဟာမိတ်တပ်များ၏ ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် လားရှိုးမြို့ရှိစစ်ကောင်စီတပ်များကို လေယာဉ်ဖြင့် လက်နက်၊ ခဲယမ်းများကို ပစ်ချထောက်ပို့နေရသည့် အခြေအနေဖြစ်နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: CJ