တောင်ငူမြို့နယ်အတွင်း PDFပူးပေါင်းတပ်ဖွဲ့မှ အရိပ်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီသတင်းပေးများကို ရှင်းလင်းရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

တောင်ငူမြို့နယ်အတွင်း PDFပူးပေါင်းတပ်ဖွဲ့မှ အရိပ်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီသတင်းပေးများကို ရှင်းလင်းရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း အရိပ်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီသတင်းပေး ပျူစောထီး (၆) ဦးအား PDF ပူးပေါင်းတပ်ဖွဲ့မှ ရှင်းလင်းပြီး မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း YOMA GBK PDF အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်ငူမြို့နယ် ကွမ်းပင်အုပ်စု ကျောက်လုံးကြီးကျေးရွာနေ ပျူစောထီးခေါင်းဆောင် အေးကိုအား ဇွန်လ (၂၅) ရက်နေ့ နံနက် (၁၀) နာရီတွင် PDF ပူးပေါင်းတပ်ဖွဲ့ Shadow (1) အဖွဲ့မှ ရှင်းလင်းခဲ့ပြီး ကွမ်းပင်အုပ်စု ကွမ်းပင်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် ကျော်စိုးနိုင်အား Shadow (2) အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ကွမ်းပင်ကျေးရွာနေ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ငငြိမ်း ၊ မောင်ဌေးနှင့် မိုးမိုးတို့အား ဇွန်လ (၂၇) ရက်နေ့တွင် Shadow (1)(2) နှင့် (3) အဖွဲ့တို့မှ တပြိုင်တည်း ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ငငြိမ်း၊ မောင်ဌေးနှင့် မိုးမိုးတို့သည် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပက်သက်သည့် သတင်းများကိုရယူ၍ ပျူစောထီးခေါင်းဆောင် လောရှည်ထံမှတစ်ဆင့် စစ်ကောင်စီထံ သတင်းပေးပို့ရပြီး ၎င်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဆုံးရှုံးမှုများရှိခဲ့သဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း YOMA GBK PDF အဖွဲ့မှ ဆိုသည်။

ကျန်ရှိနေသည့် ကွမ်းပင်ကျေးရွာနေ မူးယစ်ဆေးဝါးရောင်းချမှုများပြုလုပ်နေသည့် ပျူစောထီးခေါင်းဆောင် လောရှည်ကို ဇူလိုင်လ (၁) ရက်နေ့တွင် တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် ကြိုတင်သတင်းရ၍ စောင့်ဆိုင်းကာ Shadow အဖွဲ့မှ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင်လောရှည်ထံမှ စစ်မှုထမ်းရမည့်လူစာရင်း ၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) ပြား (ခန့်မှန်းတန်ဖိုး - သိန်းတစ်ရာနှစ်ဆယ်ကျပ်ခန့်) ၊ Sony ကင်မရာတစ်လုံး ၊ မိုဘိုင်းဖုန်း (၄)လုံး ၊ လက်ပစ်ဗုံး (၁)လုံး ၊ မှတ်ပုံတင်နှင့် လိုင်စင်ဓာတ်ပုံ (၅)ခု၊ အင်းအိုင်အဆောင်လက်ဖွဲ့များနှင့် စစ်စိမ်းရောင်လွယ်အိတ်တစ်လုံးတို့ကို သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၁ တပ်ခွဲ (၁) – YOMA GBK PDF၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့ နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ တို့မှ Operation Shadow (အရိပ်စစ်ဆင်ရေး) အနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo:သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့