မိုင်းယောင်းမြို့တွင် ဒေသခံများ အားကစားလုပ်သည့် အား/ကာ ပိုင် မိုးလုံလေလုံအားကစားရုံ ရှိသည့် ဘောလုံးကွင်းကို ဒေသခံများ ကန့်ကွက်နေသည့်ကြားက ထွေအုပ်က အပိုင်သိမ်းပြီး စုပေါင်းရုံး ဆောက်လုပ်ရန် စီစဉ်နေ

မိုင်းယောင်းမြို့တွင် ဒေသခံများ အားကစားလုပ်သည့် အား/ကာ ပိုင် မိုးလုံလေလုံအားကစားရုံ ရှိသည့် ဘောလုံးကွင်းကို ဒေသခံများ ကန့်ကွက်နေသည့်ကြားက ထွေအုပ်က အပိုင်သိမ်းပြီး စုပေါင်းရုံး ဆောက်လုပ်ရန် စီစဉ်နေ
ဇူလိုင် 2, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့တွင် အများပြည်သူများ အားကစားအတွက် အဓိက အသုံးပြုနေသည့် အား/ကာပိုင် မိုးလုံလေလုံအားကစားရုံရှိနေသည့် ဘောလုံးကွင်း နေရာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့မိမြို့ဖနှင့်ဒေသခံများ ကန့်ကွက်နေသည့်ကြားက အပိုင်သိမ်းပြီး ခရိုင်/မြို့နယ်စုပေါင်းရုံး  ဆောက်လုပ်ရန် စီစဉ်နေလျှက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့ပေါ် ရပ်ကွက်(၄)အတွင်း  မိုးလုံလေလုံ အားကစားရုံနေရာသည်  မိုင်းယောင်းတစ်မြို့လုံး အားကစားများနှင့် ကျောင်းသားအားကစားပွဲ အပါအဝင် အပျော်တန်း ဘောလုံးကန်ခြင်းများ အထိ အဓိက ပြုလုပ်သည့် နေရာဖြစ်ကြောင်းနှင့် အဆိုပါ နေရာကို အားကစားနှင့်ကာယပညာဦးစီးဌာန(အား/ကာ)က ပိုင်ဆိုင်ခြင်းဖြစ်သော်လည်း ထွေ/အုပ်က အပိုင်စီးပြီး ခရိုင်/မြို့နယ်စုပေါင်းရုံး အဖြစ် ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့ဒါနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ထကန့်ကွက်တော့  မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အထက်ကို တင်ပြပေးမယ်လို့ ပြောပေမဲ့။ အဲ့လို ကန့်ကွက်မှုတွေနဲ့အတူ အထက်ကို တင်ပြပေးမယ်ဆိုတဲ့ စကားတွေကိုတော့ အစည်းအဝေး မှတ်တမ်းထဲ မထည့်ဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ကွင်းအတွင်း၌ ထွေအုပ်က အလံနီများ စိုက်ထားသလို  "မိုင်းယောင်းခရိုင်စုပေါင်းရုံး အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာ"စာသားပါသည့် ဆိုင်းဘုတ်လည်း ထားရှိသည်ကို တွေ့ရသည်။

"မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် က သက်ဆိုင်ရာ ဘယ်ဌာနကိုမှ အကြောင်းမကြားဘဲ သူတို့ ဌာနပိုင်မြေအဖြစ် မြေစာရင်းနဲ့ပေါင်းပြီး လုပ်ထားတာ။ ရှမ်းပြည်နယ် အား/ကာ တောင် မသိသေးဘူးထင်တယ်။ ကျွန်တော်တို့လို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖတွေလည်း မသိရဘူး။ နောက်ပိုင်း အစည်းအဝေးကြမှ  သိရတာ။ တကယ်တော့ဗျာ အုပ်ချုပ်ရေးမှူးတွေ၊ အရာရှိတွေဆိုတာက ခဏတာ လာရောက် တာဝန်ထမ်းဆောင်ရတာ။ အဲ့တော့ ဒေသခံတွေရဲ့ လိုလားချက်ကို ဦးစားပေးသင့်တာပေါ့ဗျာ"ဟု ဒေသခံ မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၂)ရက်နေ့တွင် ပြောသည်။

  မိုးလုံလေလုံအားကစားရုံ ရှိသည့် ဘောလုံးကွင်းကို  ဒေသခံ ကလေးများအတွက် လွတ်လွတ်လပ်လပ် အားကစားလုပ်နိုင်ရန် ထားပေးသင့်သည့်ဟု မိဘတစ်ဦးက ဆိုသည်။

"အားလုံး ဖြစ်စေချင်တာကတော့  ဒီနေရာက  ကလေးတွေ ကျောင်းဆင်းချိန်တို့  ကျောင်းပိတ်ရက်တို့ဆိုရင် ဆော့ပြီး အားကစားလုပ်တဲ့နေရာလေ အဲ့ဒါကြောင့်  သူတို့ဒီနေရာမှာ မဆောက်ရလဲ အဲ့လောက်ကြီးသူတို့အတွက် ပြသနာတွေဖြစ်မှာ မဟုတ်ပါဘူး။   ကလေးတွေက ဒီနေရာလေးပဲ အဓိထား အားကစားလုပ် ဆော့လိုရတဲ့နေရာ ဆိုတော့ ဒီအားကစားကွင်းမှာ ဆောက်လိုက်ရင်  ကလေးတွေအတွက် တော်တော် အဆင်မပြေဖြစ်မှာပါ။ ဒီနေရာကို အားကစားအတွက်ဘဲ သုံးစေချင်ပါတယ်။ အကယ်၍ ဆောက်လုပ်ဖို့ ငွေကျလာရင် သူတိုဆောက်တော့မယ်ဆိုရင် တခြားလူတွေလဲ အကုန် ကန့်ကွက်ကြမှာပါ"ဟု ကလေးမိဘတစ်ဦးက ပြောသည်။

အားကစားအတွက် မိုင်းယောင်းတစ်မြို့လုံး အားထားရသည့် မိုးလုံလေလုံအားကစားရုံအဆောက်အဦး အပါအဝင် ကွင်း အကျယ်အဝန်းမှာ (၃)ဧက ဝန်းကျင်ရှိရာ မိုင်းယောင်းခရိုင်/မြို့နယ်ထွေအုပ်က (၁.၂၃၀)ဧက ယူပြီး ခရိုင်စုပေါင်းရုံးဆောက်လုပ်ရန် စီစဉ်နေရာ ရုံးဆောက်လုပ်ပြီးပါက ဒေသခံ လူငယ်များ ဘောလုံးကန်ခြင်း အပါအဝင် အားကစားများ လွတ်လပ်စွာ လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

"သူတို့ ယူလိုက်ရင် အဲ့ကွင်းနေရာမှာ ဆောက်မှာဆိုတော့ ကွင်းမရှိတော့ဘူး။ ပျောက်သွားမှာ ကလေးတွေ ဘောလုံးကန်တာ ဆော့ကစားတာ လုပ်လို့ရမှာ မဟုတ်တော့ဘူး"ဟု ရပ်ကွက်(၄)အတွင်း နေသူ တစ်ဦးက ပြောသည်။

အဆိုပါ ကွင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဖြစ်သူ  ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ထံ Tachileik News Agency မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် လုပ်ဆောင်သော်လည်း ဖုန်းဆက်သွယ်၍ မရပေ။

မိုင်းယောင်းမြို့တွင် အားကစားကွင်းအနေဖြင့် စံပြကျေးရွာတွင်   မြို့နယ်အားကစားကွင်း၊ ရပ်ကွက်(၄)တွင် မိုးလုံလေလုံအားကစားရုံနှင့်ဘောလုံးကွင်းတို့ ရှိရာ ဒေသခံများအားလုံးမှာ မြို့နယ်အားကစားကွင်းတွင် ဘောလုံးကန်ရ အဆင်မပြေ၍ ဘောလုံးကွင်းရှိသည့် မိုးလုံလေလုံအားကစားရုံတွင်သာ အားကစား လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။