မန္တလေးတိုင်း မိုးကုတ်မြို့ရဲစခန်းကို ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
မိုးကုတ်မြို့နယ် အေးစေတီတွင်တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈) လက်အောက်ခံ လပခ၊ ခလရ(၁၄၈)တပ်စခန်းအား ယနေ့နံနက်တွင် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
ကျောက်မဲမြို့တွင်လည်း TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ(၁၁၄) တပ်စခန်းအား TNLA စစ်ကြောင်းမှ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အုမ္မခါးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် နောင်ချို ရဲစခန်းအား သိမ်းပိုက်ချိန်တွင် မူးယစ်ဆေးဝါး (ယာမဆေးပြား)များစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
နောင်ချိုမြို့၌ TNLA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ရင်း (၁၁၄)တပ်စခန်းအား စစ်ကောင်စီမှ Y-12 လေယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။
TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် (၅)ကြိမ်၊ Jet Fighter ဖြင့် (၁၈)ကြိမ် လာရောက်ဗုံးကြဲခဲ့သည်ဟု သိရသည်။
နေ့လယ်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာအနီးတဝိုက်၌ TNLAမှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo: PSLF/TNLA News