ဖားကန့်မြို့ ဆိုင်းတောင်တွင် တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၂၅)ရက်နေ့ကစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများလည်း ပိတ်မိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းက အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီယာဉ်(၃)စီး ဆိုင်းအောင်ရွာတွင် မိုင်းခွဲခံရပြီးနောက် ဆိုင်းအောင်နှင့် ဆိုင်းတောင်တို့တွင် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။

"အထုတ်တွေထုတ်ထားပြီ။ မထွက်ကြနဲ့ဦးဆိုလို့ ငြိမ်နေရတယ်။ ရွာစွန်က ဘုရားကုန်းတောထဲတွေမှာ ပစ်ကြတာ‌ပေါ့။ တော်ပေါ်ဘုန်းကြီးကျောင်းဘေးမှာ ရွာသစ်တည်ထားတာ အဲဒီမှာလည်း ပစ်နေတယ်။ ရွာထဲက မထွက်ဘဲ ရွာပတ်လည်ပစ်နေတာ။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကိုပြောသည်။

လက်ရှိတွင် ဆိုင်းတောင် ရွာလည်ခေါင်လမ်းအနီး တောင်ထိပ်တွင် တိုက်ပွဲဖြစ်နေပြီး ယမန်နေ့က ရွာအလယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ဒရုန်းချခံရသဖြင့် ဗျူဟာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။  

"ရွှေ့လို့လဲမပြောကြဘူး။ အပြင်လည်း မထွက်ရဲကြဘူး။ အကုန်တံခါးပိတ် နှစ်ဖွဲ့လုံး ရွာထဲရောက်ပြီး သွားလာနေကြတာ။ ဖြစ်လိုက်ရင်က တစ်နာရီလောက် လက်နက်ကြီးပစ်လိုက်။ ငြိမ်သွားလိုက်နဲ့ နှစ်ဖွဲ့လုံး ဆုတ်လည်းမဆုတ်၊ ထိပ်တိုက်အခြေအတင်လည်း မဖြစ်သေးဘူး။ အဲ့လိုအခြေအနေ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက KIA ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်သည့် ဝှေ့လုံတပ်စခန်းဘက်သို့သွားသည့်လမ်း ဆိုင်းတောင်-မှော်ရှန်း-ဆိုင်းအောင်လမ်းကို စစ်ကောင်စီတပ်က ကား(၃)စီးဖြင့်လာရာ KIA ပူးပေါင်းတပ်များက မိုင်းခွဲတိုက်ခိုက်ရာက တိုက်ပွဲစတင်ခဲ့သည်။ 

"ဆိုင်းတောင်ထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေတာ အများကြီးပဲ။ အဲဒါကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ချတာ ရဲမှူးအပါ သေတဲ့သူများတယ်။ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတွေလည်း တော်တော်လေးထိခိုက်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းကြောင့် ဒုရဲမှူးကြီး အောင်သူရ၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ ရဲတပ်ကြပ်ကြီး သိန်းစိုး၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သား ဇော်၀င်းကျော်၊ တပ်သား ထွန်းထွန်းလင်းနှင့် တပ်ကြပ်ကြီး ၀င်းမြင့်တို့သေကြောင်း သတင်းများထွက်ပေါ်နေသည်။

#TachileikNewsAgency

Video: CJ