တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၃၈) ဦးအထိ မြင့်တက်လာ

Photo : Xinhua
Photo : Xinhua
တရုတ်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၃၈) ဦးအထိ မြင့်တက်လာ
By Mr John

 တရုတ်နိုင်ငံ တောင်ပိုင်းတွင် လူသေဆုံးမှုများရှိခဲ့သော မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ရုတ်တရက် ရေကြီးမှုနှင့် ရွှံ့နွံပြိုကျမှုများ ဖြစ်စေခဲ့ရာ လူပေါင်းသောင်းနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် နောက်ထပ် လူအများအပြားလည်း ရွှေ့ပြောင်းရနိုင်ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် ဇွန်လ (၉) ရက်နေ့မှစ၍ နိုင်ငံတောင်ပိုင်းတွင် အနည်းဆုံး လူ (၃၈) ဦး သေဆုံးခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့၌ သတင်းထုတ်ပြန်သည်။ 

 CGTN

မြို့ပြဧရိယာများ ရေနစ်မြုပ်နေပြီး မြေကျွံသွားပုံရသည့် အဆောက်အအုံများကို တရုတ်အစိုးရမီဒီယာ၏ ထုတ်လွှင့်မှုအတွင်း တွေ့ရသည်။

 Xinhua

အရေးပေါ် ကယ်ဆယ်ရေးသမားများက စပိဘုတ်များဖြင့် ရေကြီးမှုအတွင်း သောင်တင်နေသူများကို အချိန်လု ကယ်ဆယ်နေကြသည်။ 

တရုတ်အစိုးရသတင်းဌာန CCTV က ၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ဖော်ပြမှုအရ Guangdong ပြည်နယ် Meizhou မြို့တွင် အနည်းဆုံး လူ (၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ထိုပြည်နယ်မှာ Songyuan နှင့် Shiku မြစ်များ မြစ်ရေလျှံမှုကြောင့် ရေကြီးမှု အဆိုးဆုံးကြုံရသည့် နေရာများတွင် ပါဝင်သည်။

လူဦးရေ (၁၂၇) သန်းရှိ စီးပွားရေးကောင်းမွန်သော တရုတ်တောင်ပိုင်းရှိ Guangdong ပြည်နယ်မှာ နှစ်စဥ် ဧပြီလမှ စက်တင်ဘာလအထိ ရေကြီးရေလျှံမှု ကြုံရလေ့ရှိကြောင်း သိရသည်။ 

 

သို့သော် မကြာသေးမီ နှစ်များအတွင်း ထိုနယ်မြေတွင် ပိုမိုပြင်းထန်သော မိုးသက်မုန်တိုင်းများနှင့် ပြင်းထန်သော ရေကြီးမှုများ ကြုံလာရသည်။ 

ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ထူးကဲပြင်းထန်သော မိုးလေဝသအခြေအနေကို ပိုမိုဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ယခု သီတင်းပတ် အစောပိုင်းက Meizhou မြို့မှ လူဦးရေ (၁၀,၀၀၀) ကျော် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ (၁၃၀,၀၀၀) အထိ လျှပ်စစ်ဓာတ်အား မရရှိဘဲ အာဏာပိုင်များက ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုကို Level-I သို့ တိုးမြှင့်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ပြောသည်။ 

တရုတ်နိုင်ငံ၏ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုစနစ်တွင် အဆင့် (၄) ဆင့်ရှိပြီး Level-I မှာ အပြင်းထန်ဆုံး အဆင့်ဖြစ်ကြောင်း သိရသည်။

Guangdong ပြည်နယ်အနီးရှိ Fujian ပြည်နယ်အတွင်း အနည်းဆုံး လူ (၄) ဦး သေဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် စီရင်စု (၄၀) တွင် လူဦးရေ (၅၈၆,၅၀၀) ရေဘေးသင့်နေသည်။ 

တရုတ်နိုင်ငံ၏ အခြား နေရာဒေသများတွင်လည်း ပိုမိုစော၍ အချိန်ပိုရှည်ကြာသော ပူပြင်းသည့်ကာလများနှင့် မိုးခေါင်ရာသီဥတုကို ကြုံတွေ့နေရသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာနှင့် လုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှု ဖြစ်စေကြောင်း သိရသည်။

Source: CNN, Reuters

Photo : Xinhua, CGTN