အမေရိကန်တွင် နို့စားနွားမွေးမြူရေးခြံ မီးလောင်မှုအတွင်း နွားမ အကောင်ရေ (၁၈,၀၀၀)ကျော် သေဆုံး

အမေရိကန်တွင် နို့စားနွားမွေးမြူရေးခြံ မီးလောင်မှုအတွင်း နွားမ အကောင်ရေ (၁၈,၀၀၀)ကျော် သေဆုံး
By Mr John

 အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် မိသားစုပိုင် နို့စားနွားမွေးမြူရေးခြံတစ်ခြံ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မီးလောင်ခဲ့ရာ နွားမအကောင်ရေ (၁၈,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်မှာ အမေရိကန်တွင် သေဆုံးမှုအများဆုံး နွားခြံမီးလောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

တက္ကဆက်ပြည်နယ် Dimmitt မြို့အနီးရှိ South Fork Diary နို့စားနွားမွေးမြူရေးခြံတွင် ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဧပြီလ (၁၀) ရက်နေ့က ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးသတ်သမားများက ဝန်ထမ်းတစ်ဦးကို ကယ်တင်ခဲ့ကြောင်းနှင့် မီးတောက်များမှာ အဆောက်အအုံတစ်ခုကို လောင်ကျွမ်းပြီးနောက် နွားခြံအတွင်းသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း Castro County Sheriff ရုံးခန်းမှ ထုတ်ပြန်ချက်များနှင့် ဓာတ်ပုံများအရ သိရှိရသည်။ 

နွားမွေးမြူရေးခြံ မီးလောင်မှုကြောင့် အမေရိကန်တွင် တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များအနက် သက်တမ်းအရှည်ကြာဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Animal Welfare Institute (AWI) က နွားခြံမီးလောင်မှုများကို တားဆီးကာကွယ်ရန် ပြည်ထောင်စုဥပဒေများ ထုတ်ပြန်ရေး တောင်းဆိုလာခဲ့သည်။ 

အမေရိကန်တွင် ထိုသို့ မီးလောင်မှုများကြောင့် နှစ်စဥ် တိရိစ္ဆာန်အကောင်ရေ ထောင်ပေါင်းများစွာ သေဆုံးနေကြောင်းလည်း သိရသည်။



အမေရိကန်တွင် တိရိစ္ဆာန်များကို မီးဘေးမှကာကွယ်ရန် ပြည်ထောင်စုအဆင့် စည်းမျဥ်းများ ထုတ်ပြန်ထားခြင်းမရှိဘဲ ပြည်နယ်အနည်းငယ်၌သာ နွားမွေးမြူရေး အဆောက်အအုံကဲ့သို့ နေရာများကို မီးဘေးကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ထားပြီး ထိုပြည်နယ်များအနက် တက္ကဆက် မပါဝင်ဟု AWI ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယခုဖြစ်ပွားခဲ့သည့် နွားမွေးမြူရေးခြံ မီးလောင်မှုမှာ ၂၀၁၃ ခုနှစ်တွင် ထိုဖြစ်ရပ်များကို မှတ်တမ်းတင်မှု စတင်ခဲ့ပြီးနောက် တိရိစ္ဆာန်အကောင်ရေ အများဆုံး သေဆုံးမှုလည်း ဖြစ်လာခဲ့သည်။ 

အမေရိကန်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်တွင် ထိုကဲ့သို့ မီးလောင်မှုများကြောင့် မွေးမြူရေးတိရိစ္ဆာန် (၆.၅) သန်း သေဆုံးခဲ့ပြီး အများစုမှာ မွေးမြူရေး ကြက်၊ ဘဲများဖြစ်ကြောင်း သိရသည်။

Source: Reuters