ပအိုဝ်းဒေသရှိ သံဃာတော်များကို သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု ခြိမ်းခြောက်ပြောဆို

ပအိုဝ်းဒေသရှိ သံဃာတော်များကို သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟု ခြိမ်းခြောက်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရ‌ဒေသအတွင်း ရဟန်းသံဃာများကိုပါ စစ်ဆေးမည်ဖြစ်ပြီး အစစ်ဆေးမခံပါက PNO ရဲဘော်များ အမှားမဟုတ်၊ သင်္ကန်းကို ရိုသေသော်လည်း လူကိုမရိုသေနိုင်ဟုဆိုကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များက ဒေသခံများအား ခြိမ်းခြောက်ပြောဆိုကြောင်း PNLA ထံမှ သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များသည် ၂၀၂၄ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် ရပ်ရွာများအား အစည်းအဝေးခေါ်ယူပြီး ဒေသခံများအား ရွာအပြင်သို့ ထွက်ခွင့်မပြုကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်၍ ယင်းသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ဒေသခံများ ရွာအပြင်ထွက်ပါက တော်လှန်ရေးတပ်ဖွဲ့များဟု သတ်မှတ်ကာ ပစ်ခတ်မည်ဖြစ်ကြောင်း ရဟန်း၊ သံဃာတော်များအနေဖြင့်လည်း သတိထားသွားလာကြရန် ပြောဆိုသည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် လွယ်မောတောင်ဒေသတွင် ကျေးရွာအတွင်းနေထိုင်ခြင်း၊ လက်နက်ကြီးများဖြင့် တောင်ယာအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများအား ရွာပြင်ထွက်ခွင့်မပြုခြင်းများကြောင့် ကလေးငယ်များ စာသင်ခွင့်ဆုံးရှုံးနေသည့်အပြင် ဒေသခံများလည်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိဟု သိရသည်။

ယမန်နေ့က ဆီဆိုင်မြို့နယ် နောင်စကာကျေးရွာအနီးတွင် အင်အား (၃၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သဘက်ချောင်းအနီးရှိ ကျေးရွာမှ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည်ဟု သိရသည်။

ထို့အပြင် သဘက်ချောင်းအနောက်ဘက်ကမ်းရှိ ရွှေတဂူဘုရားကိုလည်း စစ်ကောင်စီက ဒုတိယအကြိမ် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်သည်ဟု သိရသည်။

#TachileikNewsAgency