ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေးတစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ်တွင် စစ်လက်ကျန် ၄၀ မမဗုံးသီးကွဲပြီး ကလေးတစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် သာလင်းရွာအနီး တောထဲတွင် ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၁)ရက်နေ့ နံနက်ပိုင်းက ၄၀ မမ ဗုံးသီးပေါက်ကွဲကာ ကလေးတစ်ဦးသေဆုံးပြီး ကလေး(၂)ဦး ဒဏ်ရာရရှိကြောင်း ယောဒေသရဲ့ပုံရိပ်အချို့ထံမှ သိရသည်။

“ဘာကြောင့်ပေါက်ကွဲတယ်ဆိုတာတော့ တိတိကျကျမသိရဘူးဗျ။ အများအားဖြင့် အဲဒီဘက်ကျေးရွာအများစုက စစ်ရှောင်နေကြရတာပါ။ တိုက်ပွဲဆိုတာထက် ပျူရွာတွေမှအထိုင်ချတဲ့ စစ်ကောင်စီတပ်တွေက မထင်ရင် မထင်သလိုပစ်ခတ်နေတဲ့ နေရာပေါ့။ အရင်ကတော့ ထိတွေ့မှုဖြစ်ခဲ့တာတွေတော့ရှိပါတယ်။ အခုတော့ မရှိပါဘူး။ ဗုံးသီးကတော့ အရင်လက်ကျန်ပါ။”ဟု ယောဒေသရဲ့ ပုံရိပ်အချို့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယခင်က စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပစ်ခတ်ခဲ့သည့် ၄၀ မမဗုံးသီးသည် မပေါက်ကွဲဘဲ ကျန်နေရာမှ ပေါက်ကွဲသွားခြင်းဖြစ်ပြီး သာလင်းရွာမှ ဦးဇော်မင်းထွန်း၏သား မောင်တုတ်တုတ်(၁၁)နှစ်မှာ ဗုံးသီးစထိမှန် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသည်ဟု သိရသည်။

၎င်း၏ အစ်ကိုဖြစ်သူ မောင်မင်းခန့်အောင်(၁၄)နှစ်မှာ ဗုံးသီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး သာလင်းရွာနေ ဦးမြင့်ချို၏ သားဖြစ်သူ မောင်ရှင်းသန့်ဇော်(၁၁)နှစ်မှာ ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ယခင်က စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲခဲ့သည့် တောင်ခင်ရမ်းရွာနှင့် သာလင်းရွာသည် နှစ်ဖာလုံခန့်သာကွာဝေးပြီး စစ်ကောင်စီတပ်သားများက အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ရွာအနီးဝန်းကျင်တွင် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးများကို ရှင်းလင်းပေးခဲ့ရကြောင်း YDF တပ်ဖွဲ့ထံမှ သိရသည်။

#TachileikNewsAgency

Photo: ယောဒေသရဲ့ပုံရိပ်အချို့