မန္တလေးတွင် ပန်းပန်ထားသူများကို စစ်ကောင်စီလိုက်ဖမ်း

မန္တလေးတွင် ပန်းပန်ထားသူများကို စစ်ကောင်စီလိုက်ဖမ်း

မန္တလေးမြို့အတွင်း ပန်းပန်သည့်သူများအား ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့်မွေးနေ့အတွက် ပန်းသပိတ်ပြုလုပ်သည်ဟုစွပ်စွဲ၍ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် လိုက်လံဖမ်းဆီးနေရာ (၁၀)ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတော့ ၁၀ ဦးလောက် ဖမ်းခံရပြီလို့ သိရတယ်။ ချမ်းအေးသာစံမြို့နယ်ထဲက လဖက်ရည်ဆိုင်ထဲ ဝင်ဖမ်းတာလို့သိရတယ်။ မြို့ထဲမှာတော့ လှည့်ကင်းတွေပတ်နေတယ်၊ အရပ်ဝတ်တွေနဲ့လည်း ရှိနေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ချမ်းအေးသာစံမြို့နယ်၊ (၃၁)လမ်းနှင့် (၈၃)လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည့် လူငယ်အမျိုးသားတစ်ဦးကို ပန်းပန်ထားသည်ဟုဆိုကာ စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့်လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် မန္တလေးမြို့ရှိ ရွှေယမင်းလဖက်ရည်ဆိုင်အတွင်း ပန်းပန်ထားသည့် အမျိုးသမီးငယ် (၂)ဦးနှင့် အမျိုးသမီးကြီး (၂)ဦးတို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။

“ကင်းပတ်နေတာထက် ကင်းပုန်းတွေပိုများတယ်။ အရပ်ဝတ်တွေပိုများတယ်။ ဖမ်းတာတွေကလည်း အရပ်ဝတ်တွေနဲ့ပဲဖမ်းနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင်းရှိ ဈေးများကိုလည်း ဝင်ရောက်ကာ ပန်းပန်ထားသူများအား ဖမ်းဆီးခြင်းများလည်းရှိနေသည်ဟု သိရသည်။



 

ယနေ့ ဇွန်လ(၁၉)ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉)နှစ်ပြည့် မွေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပန်းသပိတ်များပြုလုပ်နေခြင်းဖြစ်သည်။

#TachileikNewsAgency