မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ချင်းညီနောင်တပ်ဖွဲ့များထုတ်ပြန်

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းနှင့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ချင်းညီနောင်တပ်ဖွဲ့များထုတ်ပြန်

ချင်းပြည်နယ် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း ခလရ(၁၄၀)နှင့် အခြားစစ်ကောင်စီတပ်စခန်းကို ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်တပ်ဖွဲ့များက ယနေ့  ၂၀၂၄ခုနှစ် ဇွန်လ (၁၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းညီနောင်တပ်ဖွဲ့များသည် အာရက္ခတပ်တော်(AA)၊ Yaw Army(YA) အစရှိသည့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ(၉)ရက်နေ့က မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ ဇွန်လ(၁၇)ရက်နေ့တွင် ခမရ(၃၀၄)တပ်ရင်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ ဟောင်ဝှစ်ဇာလက်နက်ကြီးများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မေလ(၂၇)ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ EPC လျှပ်စစ်ရုံးစခန်း၊ တာဝါတိုင် ကုန်းစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၇)ဦးသေပြီး (၉)ဦးကိုဖမ်းဆီးရမိကာ လက်နက်ကြီးနှင့် လက်နက်ငယ်(၁၇)လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ရသည်ဟုလည်း ဆိုသည်။

ချင်းညီနောင်များ၏ စစ်ဆင်ရေးတစ်ခုဖြစ်သော ၂၀၂၄ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်များ အလုံးစုံကင်းစင်ရေးအတွက် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် အာရက္ခတပ်တော်(AA)၊ Yaw Army(YA) အစရှိသည့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency