မန်တုံမြို့တွင် စစ်ကောင်စီတပ်စခန်းအနီး၌ မြေမြှုပ်မိုင်းပေါက်ကာ အမျိုးသမီးတစ်ဦးသေဆုံး

မန်တုံမြို့တွင် စစ်ကောင်စီတပ်စခန်းအနီး၌ မြေမြှုပ်မိုင်းပေါက်ကာ အမျိုးသမီးတစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြိုနယ် မန်တောက်ကျေးရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း TNLA ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့ နံနက်ပိုင်းက အသက် (၃၄)နှစ်အရွယ် ယာအီဆေးဆိုသူသည် စစ်ကောင်စီတပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီး၌ ဟင်းသီးဟင်းရွက်သွားရှာစဥ် မြေမြှုပ်မိုင်းနင်းမိပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများတွင် မိုင်းအန္တရာယ်နှင့် စစ်လက်နက်ကြွင်းကျန် အန္တရာယ်များရှိနေသေးသဖြင့် ပြည်သူများ တောတောင်အတွင်းသို့ အလုပ်သွားသည် ဖြစ်စေ၊ ဟင်းသီးဟင်းရွက်များရှာဖွေသည်ဖြစ်စေ သတိပြုရန်တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇွန်လ (၁၁) ရက်နေ့တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲ၍ မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ ဇွန်လ (၈)ရက်နေ့တွင်လည်း ကျောက်မဲမြိုနယ် ပန်လော့ရွာ၌ ထောင်မိုင်းပေါက်ကွဲ၍ အရပ်သား တစ်ဦး ခြေထောက်တစ်ဖက်ပြတ်သည့် ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News