တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် မိတ္ထီလာတပ်များကို စစ်ခေါင်းဆောင်အမိန့်ပေး

တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် မိတ္ထီလာတပ်များကို စစ်ခေါင်းဆောင်အမိန့်ပေး

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ရှိ တပ်ရင်းများကို တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင်ပြုလုပ်သည့် စည်းရုံးရေးခရီးစဉ်တွင် တပ်မှူးများကို အမိန့်ပေးကြောင်း သိရသည်။ 

စစ်တပ်ထောက်ခံသူအားကောင်းသည့် မိထ္ထိလာမြို့၌  ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်ပါတီ(NLD)အနိုင်ရခဲ့သဖြင့် မိတ္ထီလာမြို့ရှိ တပ်တွင်းနှင့် တပ်ပြင်တို့ကပါ စည်းရုံးရေးလုပ်ရန် စစ်ခေါင်းဆောင်က တပ်မှူးများကို အမိန့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း မိတ္ထီလာလွင်ပြင်တိုက်ပွဲများ၊ လွတ်လပ်ရေးရပြီးကာလ မိတ္ထီလာလွင်ပြင်၌ စစ်တပ်က စစ်ဆင်တိုက်ခိုက်ခဲ့မှုများကိုပြောကာ မိတ္ထီလာတပ်နယ်တွင် တာဝန်ထမ်းဆောင်ရသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုများသည် ထူးခြားသည့် သမိုင်းကြောင်းအခြေအနေများ၊ အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြရခြင်းဖြစ်သည်ဟု ပြောဆိုစည်းရုံးသည်။

ခြေလျင်၊ ခြေမြန်တပ်ဖွဲ့များအပြင် လက်ရုံးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားများသည်လည်း အမြဲတမ်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည်ဖြစ်ကာ လက်ရုံးတပ်ဖွဲ့များအနေဖြင့် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်နိုင်ရန်အတွက် အမြဲအသင့်ရှိစေရေး ကြိုတင်ပြင်ဆင်ထားရန်လိုသည်ဟုလည်း ဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာမှုမှသည် တပ်ပြင်စည်းရုံးရေးကို တည်ဆောက်၍ တပ်နှင့် ပြည်သူ တစ်သားတည်းဖြစ်အောင် တည်ဆောက်ထားရှိရန်လိုကြောင်း၊ တာဝန်များကို မှန်မှန်ကန်ကန်ထမ်းဆောင်ပြီး ပြည်သူက လေးစားရသည့်၊ အားကိုးရသည့် စစ်သည်များဖြစ်အောင် နေထိုင်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုသည်။

#TachileikNewsAgency