တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် နောက်တစ်ဖွဲ့ထဲက ထွက်ပြေးနေသူ တစ်ဦးကို ထပ်မံ ဖမ်းမိ

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် နောက်တစ်ဖွဲ့ထဲက ထွက်ပြေးနေသူ တစ်ဦးကို ထပ်မံ ဖမ်းမိ

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် အဖွဲ့များအနက် နောက်ထပ်တစ်ဖွဲ့ကို ထပ်မံဖမ်းမိရာ ထွက်ပြေးလွတ်မြောက်နေသည့် ကျန်ရှိ တစ်ဦးကိုလည်း ထပ်မံ ဖမ်းမိကြောင်း သိရသည်။

၂၀၂၄ခုနှစ်  ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်အချိန်က ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ကျော်ဇေယျာဟိန်း၊ သန်းရွှေ နှင့် သန်းဦးတို့ (၃)ဦး စီးလာသည့် ဆိုင်ကယ်အား ဓါးရှည်များ ကိုင်ဆောင်ထားသည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးက ဓါးဖြင့် လှမ်းခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်ထဲက လုယက်သူများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

 သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ အသုံးပြုခဲ့သည့် ဓါးများ

ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ် လုယက်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးအနက်   သားညီ နှင့် ပြည့်စုံမောင်(ခ)အားနိုး တို့ (၂)ဦးကို တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် ဇွန်လ(၁၅)ရက်နေ့မှာပင် ဖမ်းမိသော်လည်း ကျန်ရှိသည့် မောရှည်(ခ)ကျိုင်းခမ်းလှမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဆက်လက်၍ ဟောင်လိတ်ရဲတပ်ဖွဲ့က ထွက်ပြေးလွတ်မြောက်နေသည့် မောရှည်(ခ)ကျိုင်းခမ်းလှအား ဖမ်းမိရေးအတွက် ဆက်လက် စုံစမ်းရှာဖွေရာ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် မောရှည်(ခ)ကျိုင်းခမ်းလှအား ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းအချိန်က ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

"ထွက်ပြေးနေတဲ့ တရားခံ မောရှည်ကိုလည်း ဖမ်းမိပါပြီ။ သူ့နားက နောက်ထပ် ဆိုင်ကယ်တစ်စီးနဲ့အတူ ဓါးရှည်တစ်ချောင်းလဲ ထပ်ပြီး သိမ်းဆည်းရမိပါတယ်"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

 ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ဘုန်းကြီးကျောင်းအနီးတွင် ဓါးဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်တွင် ဆိုင်ကယ်စီးလာသည့် (၃)ဦးအနက် သန်းဦး ၏ လက်တွင် ဓါးဒဏ်ရာ (၃)ချက်၊ ကျော်ဇေယျာဟိန်း၏ လက်တွင် ဓါးဒဏ်ရာ (၂)ချက် ရရှိသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံများဖြစ်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်ကနေ စပြီး ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ် လုယက်သူများကို ဖမ်းဆီးရရှိမှုများအနေဖြင့်   ၂၀၂၄ခုနှစ် ဇွန်လ(၁၄)ရက်နေ့က ဆိုင်ကယ်လုသည့် အဖွဲ့ခေါင်းဆောင်  ချဉ်ငံစပ်(ခ)စိုးမိုးအောင်၊ ဖိုးသား နှင့် ကိုကိုလတ်(ခ)ဖက်တီးတို့ကို သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရမိပြီးနောက် ဇွန်လ(၁၅)ရက်နေ့ နှင့် ဇွန်လ(၁၆)ရက်နေ့တို့တွင်လည်း နောက်ထပ် တစ်ဖွဲ့ဖြစ်သည့် သားညီ၊ ပြည့်စုံမောင်(ခ)အာနိုး နှင့် မောရှည်(ခ)ကျိုင်းခမ်းလှ တို့ (၃)ဦးတို့ကို ထပ်မံ ဖမ်းမိခြင်း ဖြစ်သည်။

ဟောင်လိတ်ရဲစခန်းက  ခိုးရာပါ ဆိုင်ကယ် (၂၁)စီး သိမ်းဆည်းရမိစဉ်

ဇွန်လ၏ ပထမပတ်အတွင်းကလည်း ဆိုင်ကယ်ခိုးသည့်အဖွဲ့နှင့် သူခိုးလက်ခံများဖြစ်သည့် ပိုင်သွင်ဦး (ခ) ပိုင်ပိုင် အပါအဝင် ဇွဲသက်ပိုင်(ခ)ငဇွဲ ၊ ရဲဟိန်းထွဋ် (ခ)ပေါက်ခေါ ၊ သန်းဆွေ (ခ)ဟိန်းစိုး နှင့် စိုင်းသူရအောင် တို့(၅)ဦးကိုလည်း ခိုးရာပါ ဆိုင်ကယ် (၂၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။ 

 

တာချီလိတ်မြို့သို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး အသစ်အဖြစ် ဒုရဲမှူးကြီး ချမ်းမြေ့ဝင်း ပြောင်းရွှေ့လာပြီးနောက်ပိုင်း   ဇွန်လ၏ (၁၆)ရက်တာ ကာလအတွင်း ဆိုင်ကယ် သူခိုးများနှင့် ဓါးဖြင့်ခုတ်ပြီး လုယက်သူ စုစုပေါင်း (၁၁)ဦးတို့ကို ဖမ်းဆီးရမိထားပြီး သက်သေခံ ဆိုင်ကယ် စုစုပေါင်း (၂၅)စီးကိုလည်း သိမ်းဆည်းရမိကာ တာချီလိတ်မြို့မရဲစခန်း နှင့် ဟောင်လိတ်နယ်မြေရဲစခန်းတို့တွင်  ဆိုင်ကယ်များကို သိမ်းဆည်းထားရှိကြောင်း သိရသည်။

"တာချီလိတ်မှာက ရိုးရိုး ခိုးတဲ့ အဖြစ်ကနေ ပေါ်ပေါ်ထင်ထင် ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယက်တာတွေက နေ့စဉ်လိုလို ကြားနေရတယ်။ အခု ဒီလထဲမှာ ဖမ်းမိတာတွေရှိလာတော့ အရင်ကထက် စာရင် အတော်ကောင်းတဲ့ ရလာဒ်လို့ ပြောရမလိုပါပဲ။ တခု အကြံပြုချင်တာက အခုလို လုယက်မှု နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ တာချီလိတ်မြို့မှာ ဒေသခံ တွေအနေနဲ့ အရေးပေါ် ဖုန်းဆက်အကြောင်းကြားနိုင်မဲ့ ခရိုင်၊မြို့နယ်၊မြို့မ နဲ့ ဟောင်လိတ်၊ ဝမ်ပုံ စတဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို အသိပညာပေးပွဲတွေကနေ ဖြစ်စေ မီဒီယာတွေကနေ ဖြစ်စေ ဟိုးအရင်လို ချပြပေးထားနိုင်ရင် ကောင်းတယ်။ ရဲစခန်းကို သွားတိုင်တာထက် ဖုန်းဆက်အကြောင်းကြားတာက ပိုလွယ်ကူစေတာပေါ့၊ တခုခုဆို ဖုန်းဆက် အကြောင်းကြားလို့ လွယ်တာပေါ့ဗျာ။ ဒီအစီအစဉ်ကိုလည်း တာချီလိတ်ခရိုင် ရဲမင်းကြီးအနေနဲ့လည်း လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်"ဟု Tachileik News Agency ၏ သတင်းရင်းမြစ်ဖြစ်သည့် အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက အကြံပြု ပြောဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မြို့များအနက် တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် ဆိုင်ကယ်လုယက်မှုများ အဖြစ်များဆုံး ဖြစ်သည်။