စစ်ကောင်စီတပ်မှ လေးလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၆ ခု ကျူးလွန်

စစ်ကောင်စီတပ်မှ လေးလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၆ ခု ကျူးလွန်
ဇွန် 14, 2024 | 2021 Military Coup

နိုင်ငံတဝန်း၌ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ လေးလတာကာလအတွင်း လူ (၅)ဦးနှင့်အထက် သေဆုံးစေသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း အနည်းဆုံး (၄၆) ခုအား ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း (၃၆၉)ဦးကို သတ်ဖြတ်ခဲ့ကြောင်း Nyan Lynn Thit Analytica အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

လေးလတာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် စစ်တွေမြို့နယ်တွင် အရပ်သား (၃၀) ဦး သေဆုံးခဲ့ပြီး တန့်ဆည်မြို့နယ်တွင် (၂၇)ဦး ၊ မင်းပြား၊ တမူးမြို့နယ်တွင် (၂၂)ဦး ၊ ကလေးမြို့နယ်တွင် (၂၁)ဦးနှင့် ဝန်းသို၊ဆီဆိုင်မြို့နယ်တို့တွင် (၁၉) ဦးရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးလတာအတွင်း အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့်ဖြစ်စဉ် (၂၃) ခုရှိခဲ့ပြီး  စုစုပေါင်း အရပ်သားပြည်သူ (၁၆၈)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်စဉ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး (၁၁)ခုရှိခဲ့ပြီး စုစုပေါင်း အရပ်သားပြည်သူ (၉၁)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းဒေသအတွင်း လေးလတာကာလအတွင်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ် အနည်းဆုံး (၁၀)ခုရှိခဲ့ပြီး စုစုပေါင်း အရပ်သားပြည်သူ (၁၀၅)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိဆိုလျှင် နိုင်ငံတဝန်း၍ စစ်ကောင်စီတပ်က လူ (၅)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း အနည်းဆုံး (၂၆၀)ခုကို ကျူးလွန်ထားပြီး စုစုပေါင်း အရပ်သားပြည်သူ (၂၄၉၀) ဦးထိ သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

ယင်းအနက်မှ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်သေဆုံးမှုများ၏ ထက်ဝက်နီးပါးသည် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Nyan Lynn Thit Analytica အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

#TachileikNewsAgency

Photo: Nyan Lynn Thit Analytica