လူပေါင်းထောင်ချီ မြေထဲနစ်မြုပ်သွားသော  မြေပြိုမှု နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း

လူပေါင်းထောင်ချီ မြေထဲနစ်မြုပ်သွားသော  မြေပြိုမှု နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်း
By Mr John

 ပါပူအာနယူးဂီနီနိုင်ငံအတွင်း မြေပြိုမှုကြောင့် လူပေါင်း (၂,၀၀၀)ကျော် ပျောက်ဆုံးနေသည့် ဖြစ်စဉ်၏  (၁၄)ရက်အကြာ  ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို နောက်ထပ် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကြောင့် ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းက ပါပူအာ နယူးဂီနီ နိုင်ငံ၏ ဝေးလံသီခေါင်သော ကျေးရွာတစ်ရွာပေါ်သို့ တောင်တစ်လုံး၏ အစိတ်အပိုင်း ပြိုကျခဲ့သော မြေပြိုမှု  ဖြစ်စဉ် အတွင်း လူဦးရေ မည်မျှ သေဆုံးခဲ့ကြောင်း အတိအကျ မသိရသော်လည်း လူ (၂,၀၀၀) ကျော် အရှင်လတ်လတ် မြေမြုပ်သွားကြောင်း ပါပူအာနယူးဂီနီ အစိုးရက ဆိုသည်။ 

ပြန်လည် ရှာဖွေတွေ့ရှိရသည့် အလောင်းများ၏ အရေအတွက်အရ ကုလသမဂ္ဂက မြေပြိုမှုအတွင်း လူ (၆၇၀) ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ဒေသ အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက (၁၄) ရက်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခဲ့ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များကြောင့်   ၂၀၂၄ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆုံးသတ်လိုက်သည်။

 ပြည်နယ်အစိုးရက အများပြည်သူ ကျန်းမာရေးအန္တရာယ်ရှိမှုနှင့် မြေပြိုမှု အသစ်များ ဖြစ်နိုင်ခြေရှိမှု တို့ကြောင့် အလောင်းများ ရှာဖွေမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ပြန်ရှာမတွေ့ တော့သည့် အလောင်းများကို ပျောက်ဆုံးစာရင်း သွင်းသွားမည်ဖြစ်ပြီး မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သင်္ချိုင်းအဖြစ် သတ်မှတ်သွားမည် ဟု ထုတ်ပြန်အသိပေးထားသည်။ 

နယူးဇီလန်နိုင်ငံမှ ဘူမိဗေဒဆိုင်ရာ ကျွမ်းကျင်သူများက နောက်ထပ် မြေပြိုမှုအန္တရာယ်ကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတဝိုက်ရှိ ပိုမိုကျယ်ပြန့်သော ဧရိယာကနေ ထောင်ပေါင်းများသော ဒေသခံများ ရွှေ့ပြောင်းကြရန် အကြံပြုထားကြောင်း IOM က ပြောသည်။

 

Source: Reuters