ရုရှားက ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ဖျက်စီးပစ်ရန် ကြိုးပမ်းနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောဆိုလိုက်သည်။
"ရုရှားက ဒွန်ဘတ်စ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်နေတယ်။ ဒီနေရာမှာ သူတို့ရဲ့ ရည်မှန်းချက်က မပြောင်းလဲဘူး။ သူတို့က ဒွန်ဘတ်စ်တစ်ခုလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဖျက်ဆီးပစ်ချင်နေတယ်" ဟု သမ္မတဇီလန်းစကီးက ဇွန်လ (၂၂) ရက် ၎င်း၏ညစဥ် မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။
ယူကရိန်းစစ်သားများအတွက် အမြောက်လက်နက်ကြီးများ ပေးပို့မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လည်း ဇီလန်းစကီးက ထပ်မံ တောင်းဆိုခဲ့သည်။
"ယူကရိန်းကို လက်နက်ပေးပို့မှု အရှိန်မြှင့်ရေး ကျွန်တော်တို့ အထပ်ထပ် အလေးထားပြောပါတယ်။ ဒီ အလွန်ဆိုးယုတ်တဲ့ စစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်ဖို့နဲ့ ယူကရိန်းရဲ့နယ်စပ်တွေကနေ ပြန်တွန်းထုတ်ဖို့အတွက် အမြန်လိုအပ်နေတာက စစ်မြေပြင်မှာ လက်နက်ခဲယမ်း တန်းတူရည်တူဖြစ်ဖို့ပဲ" ဟု ၎င်းက ပြောခဲ့သည်။
ရုရှားက Luhansk ဒေသတွင် ယူကရိန်း၏ နောက်ဆုံးခံတပ်စခန်းများရှိရာ Severodonetsk နှင့် Lysychansk မြို့တို့ကို အဓိက အာရုံစိုက်နေပြီး မကြာသေးမီ ရက်များအတွင်း ရုရှားတပ်ဖွဲ့တွေက ထိုမြို့နှစ်မြို့ရှိ ယူကရိန်းစစ်သားများကို ဝိုင်းထားရန် ထိုးစစ်ဆင်ရာတွင် တိုးတက်မှုအချို့ရှိခဲ့သည်။
ယူကရိန်းသမ္မတ ဇီလန်းစကီး၏ အဓိက လက်ထောက်တစ်ဦး၏ အဆိုအရ နိုင်ငံအရှေ့ပိုင်းရှိ Severodonetsk နှင့် Lysychansk မြို့တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ကြောက်မက်ဖွယ်ရာ အထွတ်အထိပ်ကို ရောက်ရှိနေပြီဟု သိရသည်။
ရုရှားတပ်ဖွဲ့တွေက ထိုမြို့နှစ်မြို့ကို မကြာမီ ဝိုင်းထားနိုင်တော့မည်ဖြစ်ပြီး ယူကရိန်းပိုင်နက်ကနေ ဆက်သွယ်သွားလာမှု ဖြတ်တောက်ပစ်နိုင်ကြောင်း သမ္မတဇီလန်းစကီး၏ လက်ထောက်ဖြစ်သူ Oleksiy Arestovych က ဆိုသည်။
"နည်းဗျူဟာအရ ရုရှားအောင်ပွဲက အဲဒီမှာပါ။ ဒါပေမဲ့ အခုထိ သူတို့ မအောင်မြင်သေးပါဘူး" ဟု ၎င်းက ပြောသည်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Haidai က ဇွန်လ (၂၃) ရက်နေ့တွင် ပြောကြားမှုအရ Severodonetsk နှင့် Lysychansk မြို့တို့၏ တောင်ပိုင်းရှိ အဓိက လူနေဒေသ (၂) ခု သိမ်းပိုက်ခံခဲ့ရကြောင်းနှင့် ၂၀၁၄ ခုနှစ်ကတည်းက တိုက်ပွဲရှေ့တန်းနေရာတစ်ခုဖြစ်ခဲ့သည့် Zolote မြို့ငယ်လေးရှိ ယူကရိန်းတပ်ဖွဲ့များ ဆုတ်ခွာရဖွယ်ရှိသည်ဟု ဆိုသည်။
Source: BBC, Reuters