ဇွန်လအတွင်း TNLA ထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်

ဇွန်လအတွင်း TNLA ထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇွန်လအတွင်း လက်နက်ကြီးဖြင့် စုစုပေါင်း အကြိမ် (၂၀) ထက်မနည်း ပစ်ခတ်တိုက်ခိုက်ကြောင်း TNLA မှ ယနေ့ ဇွန်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

TNLA တပ်မဟာ(၂) စစ်ဒေသ နောင်ချိုမြို့နယ်နှင့် တပ်မဟာ(၃) စစ်ဒေသ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှနေ၍ သုံးဆယ်ကျေးရွာသို့ ဇွန်လ (၅)ရက်နေ့ နံနက် (၈)ခန့်တွင်  လက်နက်ကြီး (၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရကြောင်းသိရသည်။

ဇွန်လ (၄) ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှနေ၍ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့ပြီး ဇွန်လ (၅)ရက်နေ့ ညနေ (၄)နာရီခန့်တွင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး (၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း TNLAမှ ဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံနေရပြီး အချို့ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော် ကြာမြင့်ချိန်တွင် နိုင်ငံအနှံ့တွင် စစ်မျက်နှာများစွာရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စစ်ဘက်နှင့် အရပ်ဘက်ပစ်မှတ် မခွဲခြားဘဲ လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်ရက်ဆက် အထိန်းအကွပ်မဲ့ လုပ်ဆောင်လျှက်ရှိသည်။

#TachileikNewsAgency

Photo: PSLF/TNLA News