ငပလီကမ်းခြေအနီး ဂေါ့တွင်တိုက်ပွဲဖြစ်ကာ ဒေသခံများထွက်ပြေးရ

ငပလီကမ်းခြေအနီး ဂေါ့တွင်တိုက်ပွဲဖြစ်ကာ ဒေသခံများထွက်ပြေးရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေမြို့ရှိ ဂေါ့ရပ်ကွက်အနီး၊ ဂေါ့တောင်တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂)ရက်နေ့ ညနေပိုင်းက စတင်၍ တိုက်ပွဲဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ငပလီလေယာဉ်ကွင်းအနီးရှိ ဂေါ့ရပ်ကွက်အနီးတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် ဒေသခံများ စပါးကြီးရွာဘက်သို့ ထွက်ပြေးကြရသည်ဟု သိရသည်။

"ဂေါ့အထိ တိုက်ပွဲဖြစ်လာတာဆိုတော့ AA သံတွဲမြို့နယ်ကို တဖြည်းဖြည်းစိုးမိုးလာနိုင်တာပေါ့။ ဂေါ့ဆိုတာ ငပလီကမ်းခြေနဲ့နီးသလို၊ ငပလီလေယာဉ်ကွင်းနဲ့လည်း နီးလာပြီ။ မနေ့က ညနေပိုင်းက စပြီးတိုက်ပွဲဖြစ်တာ။ မနက်ပိုင်းကစပြီးတိုက်ပွဲပြန်ဖြစ်တယ်။ လောလောဆယ် လေယဉ်လာသံကြားနေရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲကြောင့် စစ်ကောင်စီက ‌ငပလီလေဆိပ်ကိုပိတ်ထားပြီး လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ စပါးကြီးရွာကို ထွက်ပြေးကြရသည်ဟု သိရသည်။

"မနေ့ညက ဂေါ့မှာတိုက်ပွဲဖြစ်တော့ စပါးကြီးရွာကို ဘုန်းကြီးကော၊ လူကောထွက်ပြေးရတာပေါ့။ ဒီမနက်ထပ်ဖြစ်တော့ စပါးကြီးရွာကနေ ငပလီဘက်ကို ပြောင်းဖို့ဟာ ငပလီလေဆိပ်မှာ စစ်တပ်က ပိတ်ထားတယ်လေ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ဂေါ့တောင်တွင် လက်နက်ကြီးအထိုင်ချထားသည့် စစ်ကောင်စီတပ်သည် ခရမ်းမော်ရွာဘက်သို့ လက်နက်ကြီး နှင့်ပစ်ခတ်ခဲ့သေးသည်။

ဂေါ့အနီး မှိုဟင်ပြင်ရွာတွင် စစ်ကောင်စီ၏ ခမရ(၅၆၆)တပ်ရှိပြီး ငပလီကမ်းခြေတွင် ခလရ(၅၅)တပ်ရင်းရှိသည်။

#TachileikNewsAgency