ပဲခူးရိုးမအတွင်း လေးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

ပဲခူးရိုးမအတွင်း လေးရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား လေးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ ရိုးမအတွင်းသွားလာခြင်းမပြုရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ၂၀၂၄ခုနှစ် မေလ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း (၁၂)မိုင်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)၏ ဗျူဟာစစ်ကြောင်းမှ မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

မေလ (၂၇) ရက် မွန်းတည့် (၁၂) နာရီခန့်တွင် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း (၁၇) မိုင်သို့ စစ်ကား (၆) စီးနှင့်အတူ ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်း (၃) လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ၍ (၄၀)မမ (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

မေလ (၂၈) ရက်နေ့ မွန်းလွဲ (၁)နာရီခန့်တွင် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း (၁၈) မိုင် အနီးရှိ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) ၏ ယာယီစခန်းသို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်း (၆)လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဂဏန်းအထက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲဘော် (၂)ဦး ကျဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စက်လက်နှင့် လက်နက်ကြီးများ အပါအဝင် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့အနေနှင့် လက်နက်အင်အား ကွာခြားချက်ကြောင့် စခန်းမှ ဆုတ်ခွာပေးလိုက်ရကာ လက်လုပ်သေနတ် (၃)လက်နှင့် ရှေ့ထွက်မိုင်း (၄)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မေလ (၂၉) ရက်နေ့ နံနက် (၁၁)နာရီခန့်တွင်လည်း မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း (၁၉)မိုင်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀)ဦးခန့်အား စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု (၄)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အများအပြား ဒဏ်ရာရရှိနိုင်ကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိလည်း စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာလှုပ်ရှားမှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)မှ အသိပေးထားသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ သာယာဝတီမြို့နယ်အခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency