မတူပီ ခရိုင်ထွေအုပ်ရုံးကို CDF မတူပီသိမ်း

မတူပီ ခရိုင်ထွေအုပ်ရုံးကို CDF မတူပီသိမ်း

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ချင်းပြည်နယ်၊ မတူပီမြို့ ခရိုင်ထွေအုပ်ရုံးကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

CDF မတူပီ၊ တပ်မဟာ(၂)၊ တပ်ရင်း(၂) (Vakok တပ်ရင်း)မှ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မတူပီခရိုင်ထွေအုပ်ရုံးကိုဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် သိမ်းပိုက်နိုင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် CDF မတူပီ၊ တပ်ရင်း(၂)က လိုက်လံရှင်းလင်းနေသည်ဟု ဆိုသည်။

ခရိုင်ရုံး သိမ်းတိုက်ပွဲတွင် CDF မတူပီ၊ တပ်ရင်း(၂)မှ တပ်ဖွဲ့ဝင် တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီထံမှ သိရသည်။

ချင်းအမျိုးသားတော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် မေလ (၁၉)ရက်နေ့ကစတင်ကာ ကျီးခါး၊ တွန်းဇံမြို့တို့ကို သိမ်းပိုက်ထား ကာ တီးတိန်မြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။

ချင်းပြည်နယ်ရှိ ရိခေါ်ဒါရ်၊ ရေဇွာ၊ လိုင်လင်းပီ၊ ဆူရ်ခွာ၊ နှာရိန်း၊ မကွီးအိမ်နူး၊ ဝေဘူလ၊ ကျင်ဒွေး၊ တွန်းဇံနှင့် ကျီခါးမြို့တို့သည် ချင်းအမျိုးသား တော်လှန်ရေးတပ်များက သိမ်းထားသည့် မြို့များဖြစ်သည်။

#TachileikNewsAgency