ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား နယ်မြေထိန်းချုပ်မှု အငြင်းပွားမှုများရှိနေချိန်တွင် လူမျိုးစုနှစ်စုကြား ပဋိပက္ခဖြစ်ပွားစေရန်ရည်ရွယ်သည့် အရေးအသားများပါဝင်သည့် စနစ်တကျပြင်ဆင်ထားသည့် ထုတ်ပြန်ချက်အတုတစ်စောင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။
အဆိုပါထုတ်ပြန်ချက်ကို SSPP အဖွဲ့ဝင်၏ ပြန်ကြားရေးစာမျက်နှာတစ်ခုဖြစ်သည့် SSPP Info Facebook Pageနှင့် ပုံစံတူ ဖန်တီးထားသည့် SSPP/SSA (ဗမာ ဘာသာ သတင်းထုတ်ပြန်ရေး)ဟု အမည်ပေးထားသည့် ဖေ့ဘုတ်စာမျက်နှာမှ ဖော်ပြခဲ့ပြီး သတင်းမီဒီယာအချို့နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ပင် မှားယွင်းဖော်ပြသည်အထိ ပုံမှားရိုက်နိုင်ခဲ့သည်။
SSPP info Facebook စာမျက်နှာနှင့် ပုံစံတူ စာမျက်နှာတခုကို မသမာသူ ရန်သူက ဖန်တီးပြုလုပ်ခဲ့ပြီး အဆိုပါ Facebook စာမျက်နှာ အတုသည် SSPP info Facebook စာမျက်နှာမှ ရေးသားခဲ့သည့် သတင်းများကို ယခုနှစ် မေလ ၈ ရက်နေ့မှ စတင်ကာ ပြန်လည်ကူးယူ ဖော်ပြခဲ့ကြပြီး လူမျိုးရေး ပဋိပက္ခ ဖြစ်စေမည့် လုပ်ကြံဖန်တီးထားသည့် သတင်းများကိုလည်း အခါအားလျော်စွာ ထည့်သွင်းရေးသားနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း SSPP မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
Followers 158 K ရှိသည့် SSPP Info Facebook စာမျက်နှာအစစ်ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့က စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ အဆိုပါ Facebook စာမျက်နှာ တစ်ခုထဲမှသာ SSPP/SSA နှင့် ပတ်သက်သည့် သတင်းများ၊ ထုတ်ပြန်ကြေညာချက်များကို ရေးသားဖော်ပြနေကာ SSPP Info Facebook စာမျက်နှာ အတုသည် 71 Likes နှင့် 225 Followers သာရှိပြီး ၎င်းစာမျက်နှာတွင် SSPP/SSA (ဗမာ ဘာသာ သတင်းထုတ်ပြန်ရေး) ဟု ရေးသားဖော်ပြထားကြောင်း SSPP မှဆိုသည်။
ယခုဖြစ်စဉ်အပေါ် မှားယွင်းဖော်ပြခဲ့သည့် သတင်းဌာနများ အနေဖြင့်လည်း မှားယွင်းစွာ ဖော်ပြမိကြောင်းကို စာနယ်ဇင်း ကျင့်ဝတ်နှင့်အညီ တာဝန်ခံမှုဖြင့် စာဖတ်ပရိသတ်ကို ချက်ခြင်းလက်ငင်း အသိပေး အကြောင်းကြားရန် လိုအပ်ပြီး သတင်းစာမျက်နှာပေါ်မှလည်း ပြန်လည် ဖြုတ်ချပေးရန် တာဝန်ရှိကြောင်း SSPP/SSA က တောင်းဆိုထားသည်။
မြန်မာပြည်အနှံ့တွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားစေရန် စစ်ကောင်စီမှ သတင်းတုသတင်းမှားများ ဖြန့်ဝေခြင်းကို အဖွဲ့အစည်းဖြင့် စနစ်တကျလုပ်ဆောင်နေပြီး ပြီးခဲ့သည့်သီတင်းပတ်အတွင်း သတင်းတု သတင်းမှား ပို့စ် (၁၆၀)ကျော် ၎င်းတို့၏ မီဒီယာများနှင့် လော်ဘီချန်နယ်များတွင် ဖော်ပြခဲ့ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။
#TachileikNewsAgency
Photo: SSPP Info