သံတွဲမြို့ရှိ တိုက်ပွဲဖြစ်ရာ ကျေးရွာများတွင် မြေမြှုပ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းများကို ဒေသခံများဖယ်ရှားနေရ

သံတွဲမြို့ရှိ တိုက်ပွဲဖြစ်ရာ ကျေးရွာများတွင် မြေမြှုပ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းများကို ဒေသခံများဖယ်ရှားနေရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာများအတွင်း မြေမြှုပ်ခဲ့သည့် ရုပ်အလောင်းများကို ဆက်တိုက်တွေ့လာရ၍ ဒေသခံများက ပြန်လည်ဖယ်ရှားနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့ကစတင်၍ ရွှေလှေတိုက်နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးကာ တပ်ဆုတ်သွားချိန် ကျေးရွာများအတွင်း ရုပ်အလောင်းများကို မြေမြှုပ်ထားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနေ့ပဲ ကျောင်းကုန်းရွာမှာ စစ်ကောင်စီတပ်သား အလောင်း (၃)လောင်းတွေ့တယ်။ တစ်လောင်းက အိမ်ရဲ့ရေတံစက်မြိတ်(အိမ် အမိုးမှ ရေဆင်းသောနေရာ) အောက်မှာ မြှုပ်ထားခဲ့တာ။ မိုးရွာ ရေစီးတဲ့အခါကျ တစွန်းတစ ပြန်ပေါ်လာလို့ ဖော်ပြီးတော့ အလောင်းနေရာ ရွှေ့လိုက်ကြရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

ကျန်အလောင်းများကိုမူ ဆောက်လက်စ တိုက်အသစ်တစ်ခု၏ ဘုရားကျောင်းအောက်၌ မြှုပ်နှံထားခဲ့သည်ကိုတွေ့ရပြီး ဒေသခံများ နေရာရွှေ့လိုက်ကြရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ(၁၃)ရက်နေ့ကစတင်၍ သံတွဲမြို့ လင်းသီရွာနှင့် ကျောင်းကုန်းတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများ ချောင်းအတွင်း မျောပါနေခြင်း၊ ကျေးရွာအတွင်းရှိ ကတုတ်ကျင်းများအတွင်း သေဆုံးနေခြင်းများကို ဒေသ‌ခံများက တွေ့ရှိခဲ့သည်။

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောင်းကုန်းရွာဘက်ခြမ်း တောင်ကုန်းများပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်များနှင့် လင်းသီရွာအတွင်းရှိ စစ်ကောင်စီတပ်သားများ သေဆုံးသွားပြီဖြစ်ကာ လက်ရှိတွင် နေဗီနှင့် သံတွဲမြို့အထွက် ဘားတောင်မှ ကျေးရွာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများသာရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လင်းသီရွာဖက်တွင် စစ်ကောင်စီတပ် တပ်ရင်းလုံး ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများအား ဖုန်းဆက်၍ ၎င်း၏တပ်အခြေအနေကို မေးမြန်းရသည့် အခြေအနေဖြစ်သည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်းက Tachileik News Agency ကို ပြောဆိုထားသည်။

#TachileikNewsAgency