ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မွတ်ဆလင်များကို ဆေးဝါးကုသပေးနေသည့် ရုပ်သံအား အာရက္ခတပ်တော်(AA)က ယနေ့ မေလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့က ဘူးသီးတောင်မြို့နယ် ငကျိုင်တောက်ကျေးရွာအနီး၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေးစား၊ အလတ်စား၊ ဒဏ်ရာရရှိသူများရှိခဲ့သူများကို ဆေးဝါးကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်၍ ညာဘက်ခြေထောက် အရိုးကျိုးသွားသော မွတ်ဆလင် အမျိုးသမီးတစ်ဦးအား အာရက္ခတပ်တော်၏ ဆေးဝန်ထမ်းများမှ ခွဲစိတ်ကုသပေးနေသူကို တွေ့ရသည်။
မေလ (၁၁) ရက်နေ့တွင်လည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၅၃)၊ (၅၃၅) တပ်ရင်းတို့မှ စစ်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များနှင့် ARSA အဖွဲ့ဝင်များမှ ဖမ်းဆီးထားသော ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာမှ မူဆလင်ရွာသား (၃၅)ဦးတို့အား အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
၎င်းအထဲမှ လက်နက်ကြီးစ ထိမှန်ခဲ့သော မူဆလင်အမျိုးသားတစ်ဦးအား အာရက္ခတပ်တော်၊ ဆေးဝန်ထမ်းများမှ ခွဲစိပ်၊ ကုသမှုပေးခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း AA က ထုတ်ပြန်လာသည်။
#TachileikNewsAgency
Video : AA Info Desk