ဖားကန့် မြို့မရပ်ကွက်အတွင်း စစ်ကောင်စီနှင့် KIAကို ငွေပေးကာ ကျောက်စိမ်းတူး

ဖားကန့် မြို့မရပ်ကွက်အတွင်း စစ်ကောင်စီနှင့် KIAကို ငွေပေးကာ ကျောက်စိမ်းတူး

ကချင်ပြည်နယ် ဖားကန့်မြို့ မြို့မရပ်ကွက်တွင် စစ်ကောင်စီနှင့် KIA ကို ငွေပေးကာ လူနေရပ်ကွက်များအထိ ကျောက်တူးဖော်ခြင်းများ လုပ်ကိုင်လာကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်က အဲဒီလို လူနေရပ်ကွက်မှာ ကျောက်တူးတာမျိုးမရှိဘူး။ ပြီးခဲ့တဲ့ (၄)လလောက်ကစပြီး ပထမဆုံး တူးလာတာပေါ့။ ပိုက်ဆံပေးတော့လည်း အရေးမယူဘူးပေါ့။ အရည်ကျောက်တွေ၊ ကျောက်ကောင်းတွေထွက်တော့ အစုပါမှာပေါ့။ KIA ကဆိုပြီး တိုက်နယ်ကနှစ်ယောက်လည်း လာသွားတယ်။ နှစ်ဘက်လုံးကို ငွေပေးထားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖားကန့်မြို့တွင် လူနေရပ်ကွက်များအတွင်း ကျောက်တူးဖော်ခြင်းလုပ်ငန်းကို ကန့်သတ်ထားသော်လည်း လက်ရှိတွင် စစ်ကောင်စီနှင့် KIA ကို ငွေကြေးပေးကာ အိမ်ခြံအတွင်း ကျောက်တူးဖော်လာကြသည့်အတွက် မြေပြိုကျမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ထိုသို လူနေရပ်ကွက်အတွင်း ကျောက်တူးဖော်ခြင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းလာခြင်းကြောင့်ဖြစ်ပြီး အသက်အန္တရာယ်ကြောင့် ပတ်ဝန်းကျင်မှ တိုင်ကြားခြင်းမရှိသည့်အတွက် လစ်လျှူရှုထားခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

“ဒါကခိုးတူးနေကြတာ။ ကိုယ့်အိမ်ထဲ ကိုယ်တူးကြတာပေါ့။ ပြောချင်တာက အိမ်ဆောက်မယ်ဆိုပြီးတော့ တူးကြတာ။ ပထမတော့ လာစစ်တာပဲ။ အိမ်ဆောက်မယ်ဆိုပြီးတော့ လုပ်နေတော့ ဘယ်သူမှမပြောရဲဘူး ဖြစ်နေတာ။ လုံခြုံရေးအရ မလွယ်ဘူးပေါ့။ ကိုယ့်အသက်လုံခြုံရေးက ပိုအရေးကြီးတာပေါ့။ ဥပဒေစိုးမိုးမှုမရှိတော့ ခက်တယ်လေ။ ဟိုတလောကတော့ ဝိုင်းအော်လို့ ရပ်တော့ ရပ်သွားတယ်။ အခုပြန်လုပ်နေကြတယ်။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

အဆိုပါကျောက်တူးဖော်နေမှုသည် မြို့ပေါ်ရပ်ကွက်တွင်ဖြစ်နေပြီး ကျောက်စိမ်းတူးဖော်မှုကို အခွန်ကောက်ခံရာမှ ရရှိသည့် အကျိုးအမြတ်များကို စစ်ကောင်စီနှင့် KIA နှစ်ဖွဲ့လုံးက ရရှိနေခြင်းကြောင့် ခွင့်ပြုပေးထားကြခြင်းဖြစ်သည်ဟု ဆိုသည်။

"အခုတူးနေတာ လောပန် ဘာလတ်မောင်မောင်ရဲ့ တူပါ။ ကျောက်စိမ်းတွေကို အရမ်းဝယ်လို့ ဘာလတ်မောင်မောင်လို့ နာမည်ခေါ်ကြတာ။ စကစနဲ့လည်း ပိုင်တယ်ပေါ့ဗျာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယခင်က လူနေရပ်ကွက် မြေတူးပါက ရတနာနယ်မြေဖြစ်သည့်အတွက် စည်ပင်ခွင့်ပြုချက်၊ ကျောက်စိမ်းရုံး၊ ရဲနှင့် စစ်ကောင်စီတပ်ထံ စာတင်ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ