ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့လယ်ရှိ လူနေတိုက်ခန်းများ စုစည်းတည်ရှိရာ နေရာတစ်ခုတွင် ၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့ နံနက် အစောပိုင်းအချိန်က ကြီးမားသော မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ လူ (၁၄) ဦး သေဆုံးပြီး အခြား လူ (၃) ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဗီယက်နမ်၏ မြို့တော် ဟနွိုင်းမြို့လယ်ရှိ လူနေထူထပ်ပြီး တက္ကသိုလ်များ တည်ရှိရာ Cau Giay ခရိုင်အတွင်းရှိ လူနေတိုက်ခန်း အဆောက်အအုံမှ မီးခိုးများနှင့် အဆိပ်ဓာတ်ငွေ့များ ထွက်လာကြောင်း AFP သတင်းက ဖော်ပြသည်။
၂၀၂၄ ခုနှစ် မေလ (၂၄) ရက်နေ့အကူး နံနက် (၁၂) နာရီ (၃၀) မိနစ်ဝန်းကျင်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးသမားများက အဆောက်အအုံအတွင်း ပိတ်မိနေသူ (၇) ဦးကို ကယ်ထုတ်နိုင်ရန် တိုက်ခန်းတွဲ ဝင်ပေါက်တံခါးနှင့် ပြတင်းပေါက်တစ်ခုကို ချိုးဖျက်၍ ဝင်ရောက်ခဲ့ရသည်။
မီးလောင်မှု ဖြစ်ပွားသည့် တိုက်ခန်းအဆောက်အအုံအနီး အိမ်နီးချင်းများ၏ အဆိုအရ မီးရှူးမီးပန်း ပစ်ဖောက်သံကဲ့သို့ ပေါက်ကွဲသံများ ကြားခဲ့ရပြီး တိုက်ခန်းတွင်းရှိနေသူများနှင့် အနီးတွင် နေထိုင်သူများထံမှ အော်သံများ ကြားခဲ့ရကြောင်း သိရသည်။
"မီးက အတော်ကြီးလာခဲ့တယ်။ အဲဒီနေရာမှာရှိတဲ့ မော်တော်ဆိုင်ကယ်တွေ၊ လျှပ်စစ်စက်ဘီးတွေနဲ့ စက်ဘီးတွေ အတော်များများ မီးလောင်ပျက်စီးသွားခဲ့တယ်။ မနက် (၁) နာရီ (၂၆) မိနစ်မှာ မီး လုံးဝ ငြိမ်းသွားပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်း (၁၄) လောင်း ရှာဖွေတွေ့ရှိခဲ့ကြတယ်" ဟု ဟနွိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပြောထားသည်။
မီးလောင်မှုအတွင်း အသက်ရှင်ကျန်သူ (၃) ဦးမှာ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေကြောင်း နှင့် တရားဝင် စာရင်းသွင်းထားမှုအရ မီးလောင်မှု ဖြစ်ပွားသည့် အဆောက်အအုံတွင် လူ (၂၄) ဦး နေထိုင်ကြကြောင်း သိရသည်။
#TachileikNewsAgency
Source: AFP