သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်အချို့ပျက်စီး

သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်အချို့ပျက်စီး

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်အချို့ ပျက်စီးကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သထုံမြို့နယ်အတွင်း ကျေးရွာများထဲသို့ မေလ (၁၇)ရက် မနက် (၁၁)နာရီ (၁၅)မိနစ်တွင် စစ်ကောင်စီ (ခမရ-၉) တပ်ရင်းတပ်စခန်းမှ လက်နက်ကြီး (၃)လုံး ပစ်ခတ်ရာ သုံးအိမ်စုရွာတွင် ကျရောက်ပေါက်ကွဲပြီး အသက် (၁၅)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကာ အရပ်သားနေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်သည်။

ထိုနေ့ ညနေ (၅)နာရီတွင် စစ်ကောင်စီ (အမတ-၃၁၄)တပ်ရင်း တပ်စခန်းမှ လက်နက်ကြီး (၆)လုံး ထပ်မံပစ်ခတ်ရာ သထုံမြို့နယ် ရွှေရောင်ပြကျေးနယ်ရှိ ရွှေရောင်ပြရွာနှင့် အဝန်းကြီးရွာအကြား ကားလမ်းမအထက် ရော်ဘာခြံအတွင်း လက်နက်ကြီး (၄)လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

မေလ (၁၆)ရက်နေ့ ည (၇)နာရီ (၁၅)မိနစ်တွင်လည်း သထုံမြို့နယ်၊ ဝီယော်ကျေးနယ်ရှိ ရွာများထဲသို့  စစ်ကောင်စီ (ခမရ-၉) တပ်မှ လက်နက်ကြီး (၄)လုံးပစ်ခတ်ရာ ရော်ဘာခြံအတွင်း လက်နက်ကြီး (၄)လုံးစလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းပရွာကြီးနေ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မေလ (၁၆)ရက်နေ့ မနက် (၁၁)နာရီ (၅၀)မိနစ်တွင် စစ်ကောင်စီ (ခမရ-၉)တပ်မှ လက်နက်ကြီး (၂)လုံး၊ နေ့လယ် (၁၂)နာရီ (၁၃)မိနစ်တွင် စစ်ကောင်စီ (အမတ-၃၁၄)တပ်မှ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလိုပြုလုပ်နေပြီး မေလ (၁၄)ရက်နေ့ကလည်း သထုံအခြေစိုက် ခမရ (၉) တပ်ရင်းမှ  သထုံမြို့နယ်အတွင်းရှိကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

#TachileikNewsAgency

Photo: KNU