စစ်ကောင်စီနှင့် မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ARSA,ARA,RSO စသည့် အဖွဲ့အစည်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများမှ မူဆလင်လူငယ်များအား ကိုယ်ကျိုးစီးပွားအတွက် လူသစ်စုဆောင်းနေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခမှ ၂၀၂၄ခုနှစ် မေလ (၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ARSA,ARA,RSO စသည့် အဖွဲ့အစည်းများသည် ရက္ခိုင့်တပ်တော် AA နှင့် ပူးပေါင်းဆောင်ရွက်နေသယောင်၊ တိုက်ပွဲများ အတူတကွတိုက်နေသယောင် လိမ်လည်လှည့်ဖြားပြီး ဒုက္ခသည်စခန်းများမှ အရွယ်မရောက်သေးသည့် လူငယ်များအပါအဝင် မူဆလင်လူငယ်များကို စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေကြောင်းသိရသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် ခုတုံးလုပ်ကာ လိမ်လည်လှည့်ဖြား၍ လူသစ်စုဆောင်းနေခြင်းသည် အောက်တန်းကျသည့် လုပ်ရပ်ဖြစ်၍ ရက္ခိုင့်တပ်တော် AA အနေဖြင့် အဆိုပါလုပ်ရပ်များကို ပြုလုပ်နေသူများ ၊ အဖွဲ့အစည်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ULA/AA အဖွဲ့အစည်းအနေဖြင့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး မည်သည့်အကြမ်းဖက်အဖွဲ့အစည်းနှင့် မည်သည့်အခါတွင်မှ ဆက်စပ်ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#TachileikNewsAgency