ဧရာဝတီတိုင်းတွင် ဒေသခံများအား အတင်းအကျပ် စစ်မှုထမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရ

ဧရာဝတီတိုင်းတွင် ဒေသခံများအား အတင်းအကျပ် စစ်မှုထမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စုတွင် ဒေသခံလူထုကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ဦးဖိုးဆောင်းကို ၂၀၂၄ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ညနေ၆နာရီ၃၀မိနစ်အချိန်တွင် မဲဂရက်အုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီး လမ်းမပေါ်၌ ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်း ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးဆောင်းသည် စစ်ကောင်စီအာဏာသိမ်းပြီးကာလမှ အုပ်ချုပ်ရေးမှူးဖြစ်လာသည့် စစ်ထွက်လူမိုက်တစ်ဦးဖြစ်ပြီး စစ်တပ်ခိုင်းစေသည့်အတိုင်း ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်ခြင်း၊ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ၍ ကျေးရွာနေပြည်သူများအား မတရားငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအလိုကျ ပြည်သူများအား ဒုက္ခပေးနေသည်ကို ဆက်လက်မလုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ် သတိပေးခဲ့ပြီး လိုက်နာခြင်းမရှိဘဲ စစ်မှုထမ်းဥပဒေအား ပြတ်ပြတ်သားသား ပုံဖော်မည်ဟု ကြွေးကြော်ကာ ဆက်လက်ဆောင်ရွက်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအနေဖြင့် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများအား အဓမ္မခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်ပါက ဆက်လက်၍ တိုက်ခိုက်ရှင်းလင်းသွားမည်ဟု ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency