ကရင်ပြည်နယ်အတွင်း မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများနှင့်အတူ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းတို့ကို ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့ တွင် KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၃၅၇)ကိုမူ သိမ်းပိုက်နိုင် ခြင်းမရှိသေးဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဆိုသည်။
“စစ်သုံ့ပန်းကတော့ ဖမ်းမိတာရှိပေမယ့် သိပ့်တော့ ဖမ်းမမိဘူး။ စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေပဲများတယ်။ ဗျူဟာမှူးကို မမိလိုက်ဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြော သည်။
ယခု သင်္ဃန်းညီနောင်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် မြစ်ကြီးနားမြို့နယ် အမှတ် (၃)စစ်ဗျူဟာမှူးအဖြစ်မှ ၂၀၂၃ ဧပြီလတွင် သင်္ဃန်း ညီနောင်အခြေချ စစ်ဗျူဟာမှူးဖြစ်လာသူဖြစ်သည်။
၎င်းမတိုင်မီ စစ်ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဝင်းနေလွင်ဖြစ်ပြီး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် ၂၀၂၁ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်းရန် ဦးဆောင်သူဖြစ်သည်။
တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ဗျူဟာမှူး ထွန်းထွန်းလတ်သည် မည်သည့်တပ်စခန်းကို ထွက်ပြေးသွားသည်ကိုမူ အတည်မပြုနိုင်သေးဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆက်ပြောသည်။
ယမန်နေ့ ညပိုင်းမှစတင်ပြီး သင်္ဃန်းညီနောင်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းမကျရေး လေကြောင်းမှ အကြိမ်ရေများစွာ လာရောက်ဗုံးကြဲခဲ့သည့်အပြင် မြဝတီမြို့မှလည်း လက်နက်ကြီးပစ်ကူ များ ပေးခဲ့သော်လည်း ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗျူဟာကုန်းကနေ လက်နက်ကြီး၊ လက်နက်ငယ် သိမ်းဆည်းရမိတာများတယ်။ စစ်သုံ့ပန်းတွေလည်း ဖမ်းမိထားတာ ရှိတယ်။ ခမရ(၃၅၇)ကတော့ မရသေးဘူး။”ဟု တော်လှန်ရေးရဲဘော်တစ်ဦး က Tachileik News Agency ကို ပြောသည်။
သိမ်းဆည်းရမိခဲ့သည့် လက်နက်များထဲတွင် ၁၂၀ မမ၊ ပွိုင့် ၅ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် အလက် (၃၀၀)ကျော်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ( ၂၀)ဝန်းကျင်သေပြီး ကော့ကရိတ်မြို့နယ်ရှိ ခလရ(၉၇)တပ်ရင်းတွင်လည်း တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်က ဆင့်ပွားပေါက် ကွဲနိုင်သည့် ကလပ်စတာဗုံးများကို အသုံးပြုနေသည်ဟု သိရသည်။