ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးတစ်ဦးအပါ နှစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးတစ်ဦးအပါ နှစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နေအိမ်(၆)လုံးပျက်စီးပြီး ဒေသခံ ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ် မတ်လ (၁၇)ရက်နေ့ ညပိုင်းတွင် နတ်သံကွင်းမှနေပြီး ဟောင်ဝစ်ဇာလက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ခဲ့ရာ နရွဲပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာအတွင်းရှိ နေအိမ်(၃)လုံး ပျက်စီးခဲ့ရပြီး အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံးခဲ့ရကြောင်း သိရသည်။

ကျောက်ကြီးမြို့ရှိ စစ်ကောင်စီတပ်များကလည်း (၈၁)မမ လက်နက်ကြီး (၄)လုံးဖြင့် ငဗျက်အင်းကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ နေအိမ် (၂)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

မတ်လ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ်များသည် နတ်သံကွင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဘုရားလေးကုန်း အနောက်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ထင်းခုတ်သွားသော ဖျံတလင်းကျေးရွာမှ ဖိုးစနေ(၁၁)နှစ် ထိမှန်သေဆုံးကာ မတောကုန်းရွာသား စောသက်အောင်ထွေး (၁၃)နှစ်နှင့် စောအောင်ဇင်လင်း (၂၄)နှစ်တို့ (၂)ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုနောက် ညပိုင်းတွင် စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် ဆိပ်ကြီးကျေးရွာအတွင်းရှိ ဖွားတိုးဆီစက်သို့ ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်လာသူ ပန်းနုဝါ (၅)နှစ် ဒဏ်ရာရရှိပြီး ဆိပ်ကြီးရွာသား ဖြိုးဝင်အောင် (၄၁)နှစ်နှင့် ဒေါမြရည် (၆၅)နှစ်တို့ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိကာ မအိန္ဒြေဖြိုး(၉)နှစ်မှာ ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ (၂၁)ရက်နေ့ ညပိုင်းတွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၄)တပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီး (၇)လုံးဖြင့် ဇီးကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ပြီး ည(၉)နာရီအချိန်တွင်လည်း အဆိုပါတပ်များမှ (၁၅၅)မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၂)လုံးဖြင့် ရွာသာယာကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မတ်လ (၂၂)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၄)တပ်ရင်းမှ ဒရုန်းဖြင့် လက်နက်ကြီး (၄)လုံးချတိုက်ခိုက်ရာ တောင်ခင်ကျေးရွာနှင့် နွားရေကြောင်း ကျေးရွာတို့တွင် (၂)လုံးစီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မတ်လ (၂၃)ရက်နေ့ ညပိုင်းတွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်များမှ နရွဲပင်ကျေးရွာအတွင်းသို့ ဟောင်ဝင်ဇာလက်နက်ကြီး (၃)လုံးပစ်ခဲ့ရာ နော်စန်းဝေ၏ စပါးခြွေစက်တစ်လုံး၊ လှည်း (၂)စီး၊ ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ အိမ် (၄x၅)ပင် ပျဥ်ထောင်ပျဉ်ခင်းသွပ်မိုး၊ စပါးကျီတစ်လုံး၊ မျိုးစပါးများ ၊ နွားတဲ၊ ဆန်ပီပါ (၃)လုံးနှင့် အိမ်တွင်းပရိဘောဂများ မီးလောင်ပျက်စီးပြီး စောမင်းမင်းဦး၏အိမ်၊ စောမောင်ကျေး၏ နွားတဲနှင့် သက် ကယ် (၁၃၀)ချပ်၊ စောမောင်မောင်၏ နွားတဲနှင့်ကောက်ရိုးပုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ (၂၇)ရက်နေ့တွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်များမှ ဟောင်ဝစ်ဇာလက်နက်ကြီးတစ်လုံးအား ကြို့ကုန်းကွင်းကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ နရွဲပင်ရွာသား စောမူးလေးကွင်း၏ နွား (၂)ကောင် ဒဏ်ရာရရှိခဲ့ရပြီး အင်းနက်ရွာ မြောက်ဘက်သို့ ဟောင်ဝင်ဇာလက်နက်ကြီးတစ်လုံးနှင့် ကြို့ကုန်းလေးရွာဘေးသို့ ဟောင်ဝစ်ဇာလက်နက်ကြီးတစ်လုံးကို နတ်သံကွင်းရှိ စစ်ကောင်စီတပ်များမှ ထပ်မံပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၄) တပ်ရင်းမှ ညပိုင်းတွင် လက်နက်ကြီး (၈)လုံးဖြင့် ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် ရေဖြူကန်ကျေးရွာများအတွင်းသို့ ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ မတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းတွင်လည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခမရ(၂၆၄)တပ်ရင်းမှ (၁၅၅)မမ ဟောင်ဝစ်ဇာ လက်နက်ကြီး (၂)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျွန်းကြီးအရှေ့ဘက် ကောက်ရိုးပုံ မြောင်းလယ်ကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ကျောက်ကြီးရှိ စစ်ကောင်စီတပ်ဖွဲ့များမှ နရွဲပင်ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ သားကြီး (၄၃)နှစ်မှာ လက်နက်ကြီးထိမှန်ပြီး လက်ချောင်းပြတ်ကာ စောဖားသူး၏ နေအိမ်နှင့် ပရိဘောဂပစ္စည်းများ ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻